မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖကနေ သိရပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားတစီးကို မနေ့မနက် ၉ နာရီလောက်ကနေ ညနေ ၅ နာရီအထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေပူးပေါင်းပြီး မိုင်းပွိုင့် ၄ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ကာ ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ လောက် ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
“အင်အားကတော့ ၁၂၀ လောက်ပါမယ်ဗျ။ ကား တစီးကို စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်ပါပြီး ကျနော်တို့ တိုက်ခိုက်ခဲ့တာကား ၃ စီးပါ။ အနောက်မှာလည်း နောက်ထပ် စစ်ကောင်စီကားတွေ ပါလာသေးတယ်။”
အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ The Red Revolters၊ Black Cobra၊ Young Force UG၊ ပခုက္ကူသူရိန်တပ်ဖွဲ့၊ PPDF နဲ့ ဓားမင်းကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပခုက္ကူသူရိန်တပ်ဖွဲ့ကတော့ ဒရုန်း ၂ စင်း ဆုံးရှုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာလည်း ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ရက္ခိုင့်တပ်တော် အေအေနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။
မြောက်ဦးမြို့နယ် ပုရိန်ကုန်းဘက်ကနေ ပန်းမော်ဘက်ကို ချောင်းကူးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မွန်းလွဲ ၁ နာရီလောက်မှာ အေအေက လောင်းကြက်ကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ လက်နက်ငယ်တွေနဲ့ပါ ဒဏ်ရာရရှိသူရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ ဒီဇင်ဘာ ၆ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမ တွေ့ရသေးပါဘူး။