Home
မြန်မာသတင်း
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာရှိ NUG တရားရုံးကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
December 12, 2023
Min Taing Pin Village-12122023

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်မှာရှိတဲ့ NUG တရားရုံးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့  အနည်းဆုံး ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  ဖွင့်လှစ်ထားတဲ့ တရားရုံး အနီးကျရောက်ပေါက်ကွဲပြီး တရားသူကြီးနဲ့ သူ့ဇနီးရယ်၊ အသက် ၂၀ ကျော်အရွယ် မြို့နယ်ပြည်သူ့လုံခြုံရဲဘော်တယောက်ရယ် စုစုပေါင်း ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူတွေ များတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“ပထမက ကင်းထောက် ဒရုန်း နှစ်ခုနဲ့ ကင်းထောက်တယ်။ သာမန်ရိုးရိုးကြည့်ရုံပဲလို့ ကျနော်တို့က ထင်နေတာ။ ခဏနေတော့ လေယာဉ်တစီးရောက်လာပြီး စက်လက်လေးနဲ့ ပစ်လည်း ပစ်တယ်။ ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ ကြဲချတာတွေလည်း လုပ်တယ်။”

သေဆုံးသွားတဲ့ တရားသူကြီးဟာ အသက် ၃၅ နှစ် ဝန်းကျင်အရွယ် ဦးပေါပြည့်အောင်ဖြစ်ပြီး သူဟာ  ပုလဲမြို့ရဲစခန်းကနေ CDM လုပ်လာတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်ပါတယ်။ 

ဒဏ်ရာရရှိသူထဲမှာ တရားရုံးကို ဧည့်လာတွေတဲ့သူတွေလည်း ပါဝင်ပြီး လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေရကာ စိုးရိမ်ရတဲ့လူနာတွေ ရှိနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇော်ထက်က “စစ်ကောင်စီက တနည်းဗျူဟာ ပြောင်းလဲလာတယ်ဗျ။ မြေပြင်မှာ စစ်ကြောင်းမထိုးတော့ဘဲ ကျနော်တို့ ဘက်က ရုံးအထိုင်စခန်းတွေကို အတိအကျ သတင်းအချက်လက်ယူပြီး အခုလိုလေယာဉ်နဲ့ လာပစ်တာဗျ။ ပြောရရင် အခုလို ရုံးအထိုင်စခန်းတွေကို အတိတကျမလုပ်ဘဲ မိုဘိုင်းစနစ်နဲ့ပဲ လုပ်ဆောင်တာ ပိုကောင်းတယ်”လို့ ပြောပါတယ်။

ပုလဲမြို့နယ် ဒေသခံ သခင်‌ဒေါင်းညိုက “ဒါကတော့ သတင်းပေါက်ကြားတာဖြစ်တယ်။ မြေပြင်မှာ ဘာတိုက်ပွဲမှမရှိဘဲ  ကျနော်တို့ တရားရေးဌာနရှိရာ နေရာအနီးကို အတိကျဗုံးလာချတာပေါ့။ စစ်ကို စစ်နဲ့တူအောင် မတိုက်နိုင် ရင်လည်း မတိုက်နဲ့ ပေါ့။ အခုဟာက သရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်”လို့  ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းအတွင်း နယ်မြေစိုးမိုးမှုရအောင် အရင်နှစ်တွေကလို မြေပြင်စစ်ကြာင်းထိုး ထိုးစစ်ဆင်တာတွေ မပြုလုပ်တော့ဘဲ အခု ၂၀၂၃ ခုနှစ်မှာ လေကြောင်းကနေ ပစ်ခတ်တာတွေ ပိုမိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024