ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာမှာ ဒီဇင်ဘာ ၁၁ ရက် ညနေက ကျေးရွာ NLD ပါတီဝင်ဥက္ကဋ္ဌဟောင်းနဲ့ အမျိုးသား ၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီက စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ချောင်းတွင်းကျေးရွာ အရှေ့ဘက် ကျွန်းချောင်းကြီး ဆန်စက်အတွင်းမှာ NLD ပါတီဥက္ကဋ္ဌဟောင်း ဦးသန်းလွင်ကို လာရောက်ဖမ်းဆီးရာ နေအိမ်မှာ ရောက်နေသူတွေကိုပါ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဦးသန်းလွင်ရော သူ့သားနှစ်ယောက်ရော၊ သူ့သားငယ်ချင်းတွေရော အကုန်ဖမ်းသွားတာ။ သတင်းကြားတာ သေနတ်တလက် မိတယ် ပြောတယ်။ သေချာတော့ မသိရဘူး” လို့ ပြောပါတယ်။
လတ်တလောအခြေအနေမှာ ဖမ်းဆီးခံရသူ ဦးသန်းလွင်နဲ့ သားနှစ်ဦး အပါအဝင် ၉ ယောက်ကို ဖျာပုံမြို့မရဲစခန်းကတဆင့် စစ်ကောင်စီတပ်က စစ်ကြောရေးကို ခေါ်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်က ဒီလထဲမှာ လူငယ်တွေကို PDF ဆိုပြီး ဖမ်းတာများတယ်။ အခုရက်ပိုင်း လေးမျက်နှာ ကျုံပျော်နဲ့ ဒေးဒရဲမှာ ဖမ်းထားတာ လူ ၂၀ လောက်ရှိတယ်။”
ဒေးဒရဲမြို့နယ်၊ ကျုံမှော်ကျေးရွာမှာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက လယ်လုပ်နေတဲ့ အမျိုးသားနှစ်ဦးကို စစ်တပ် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၆ ရက်မှာ လေးမျက်နှာနဲ့ ကျုံပျော်မြို့နယ်မှာ လူငယ် ၁၈ ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။