မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းရခဲ့လို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရ တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
MNDAA ၊ TNLA ၊ AA ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဒီဇင်ဘာ ၁၁ ရက်က တရုတ်အစိုးရရဲ့ ကမကထလုပ်မှုနဲ့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောကြားလိုက်တာပါ။
"မြန်မာနိုင်ငံ မြောက်ပိုင်း ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အကောင်အထည်ဖော်နိုင်ပြီး ရလဒ်ကောင်းတွေ ရလာတာကို မြင်ရတဲ့အတွက် တရုတ်က ဝမ်းမြောက်မိပါတယ်။”
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား လနဲ့ချီကာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် မနေ့က ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြကြောင်းနဲ့ ရလဒ်ကောင်းတွေရခဲ့ကြောင်း တရုတ်အစိုးရ ပြောခွင့်ရသူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲ ပြီးမြောက်တဲ့အထိ တရုတ်က ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
"မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခရဲ့ တင်းမာမှုတွေ လျှော့ကျလာတာဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေ အားလုံးအတွက် အကျိုးရှိနိုင်စေမှာ ဖြစ်သလို တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်" လို့ မောင်နင်းက ပြောပါတယ်။
MNDAA ၊ TNLA ၊ AA အဖွဲ့ ၃ ဖွဲ့ တာဝန်ရှိသူတွေနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိသူတွေ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြလုပ်ခဲ့တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ထုတ်သတင်းစာတွေမှာ အတည်ပြု ပြောထားပါတယ်။
ဒီဆွေးနွေးမှုအပေါ်မှာ မူတည်ပြီး တိုးတက်မှုအခြေအနေအပေါ်မှာမူတည်ကာ ဒီလကုန်လောက်မှာလည်း ထပ်မံဆွေနွေးသွားဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမဲ့ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး လက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး အမည်နဲ့ စစ်ကောင်စီစခန်းတွေကို ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက စစ်စခန်းရာနဲ့ချီအပါအဝင် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့မြို့ကိုလည်း သိမ်းယူထားနိုင်ခဲ့ပါတယ်။
ရှမ်းမြောက်ကတိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံရဲ့အရှေ့နဲ့ အနောက်ဘက်တွေအထိ ကူးစက်သွားပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ အရပ်သား ၅ သိန်းကျော်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဒီပဋိပက္ခဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရင်ဆိုင်ရတဲ့ အကြီးဆုံး စစ်ရေးစိန်ခေါ်မှု ဖြစ်တယ်လို့ နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ပါတယ်။
Source: Reuters/AFP/CNA/MOI
Photo-FMPRC