ဧရာ၀တီတိုင်းက တောင်သူတွေကို ဒီနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာကို ဖိအားပေး စိုက်ခိုင်းပြီး မစိုက်ရင် လုပ်နေတဲ့လယ် သိမ်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနနဲ့ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆိုတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
ကျုံပျော်မြို့နယ်က တောင်သူ တယောက်က “အခု ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာကို မဖြစ်မနေ စိုက်ခိုင်းနေတာ။ အစိုးရရဲ့ တာဝန်ပေးစီမံချက်အရဆိုပြီး မဖြစ်မနေစိုက်ဖို့ ဖိအားပေးနေတာ။ တော်တော်အကြပ်ရိုက် အခက်တွေ့နေတယ်။ နေကြာ မစိုက်ရင်လည်း အခုလုပ်နေတဲ့ လယ်မြေကို သိမ်းမယ်တဲ့။ နေကြာစိုက်ဖို့က အရင်းအနှီးလိုတယ်လေ။ အရင်းအနှီးလည်း မရှိဘူး။ စိုက်လို့ မဖြစ်မှာလည်း စိုးရိမ်တယ်။ အခုကုန်ဈေးနှုန်းနဲ့က စပါးတသီးကို စိုက်ဖို့တောင် စိုက်ပျိုးစရိတ်ကို မနည်းလုပ်နေရတာ၊ မစိုက်လို့ သိမ်းတော့လည်း သူတို့က အာဏာရှိနေတာပဲ၊ ဘာတတ်နိုင်မလဲ” လို့ ပြောပါတယ်။
ဆီထွက်သီးနှံ နေကြာ မစိုက်ရင် လုပ်နေတဲ့ လယ်သိမ်းမှာ စိုးရိမ်နေပြီး လယ် ၂ ဧက ရှိတဲ့ တောင်သူတဦးက လယ် တဧကကို ငွေကြေးတတ်နိုင်တဲ့သူတွေဆီ ပေါင်းပြီး အရင်းအနှီးလုပ်ကာ နေကြာစိုက်ဖို့ လုပ်နေကြတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။
ဓနုဖြူမြို့နယ်က တောင်သူတယောက်က “နေကြာစိုက်မယ်ဆိုရင် အခုခေတ်ဈေးနဲ့ တွက်ကြည့်ရင် ကုန်ကျစရိတ်က တစ်ဧက လေးသိန်းခွဲလောက် ပထမဆုံးကုန်မယ်။ နောက်ရေ သုံးကြိမ်လောက် ရေတင်ပေးရမယ်။ စက်သုံးဆီဖို့ ထပ်ကုန်မယ်။ ပိုးမွှားအန္တရာယ် ကာကွယ်ဖို့အတွက် ဆေးသုံးရမယ်။ အဲဒီလိုသုံးပြီ စိုက်တာတောင် ဖြစ်ထွန်းအောင်မြင်မယ်ဆိုတ မသေချာသေးပါဘူး။ ဘာလို့လဲဆိုတော့ နေကြာ မစိုက်တာ နှစ်မနည်းတော့ဘူး။ ဒါပေမဲ့ ဖမ်းမှာဆီးမှာ ကြောက်လည်း ကြောက်တယ်။ လုပ်နေတဲ့ လယ်လေးလည်း သိမ်းမှာစိုးရိမ်တယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တဲ့သူဆီမှာ လယ်တချို့ကို အပေါင်ထားပြီး နေကြာစိုက်ဖို့ လုပ်နေတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက တောင်သူတွေဟာ ပြီးခဲ့တဲ့ မိုးစပါးစိုက်တဲ့ ရာသီကလည်း ဓာတ်မြေသြဇာ ဈေးတွေတက်လို့ အပြည့်အဝမသုံးနိုင်ခဲ့တာ၊ စက်သုံးဆီဈေးတွေတက်လို့ အပြည့်အဝ ထွန်ယက် မစိုက်နိုင်ခဲ့တာကြောင့် အခု မိုးစပါးတွေ ရိတ်သိမ်းတဲ့အခါ အထွက်နှုန်းတွေ ကျဆင်းနေတယ်လို့ သိရပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်တဲ့အခါ လုပ်နေတဲ့ လယ်တွေကို အပေါင်ထား ဆပ်ရတာတွေလည်း ကြုံနေရတာမို့ ဖိအားမပေးသင့်ဘူးလို့ လယ်သမား အရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ တယောက်က ပြောပါတယ်။
လယ်သမားအရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ တယောက်က“လယ်သမားတွေက အမျိုးမျိုး ဒုက္ခခံနေရတာ။ ကိုဗစ်ကဖြစ် လိုက်၊ နိုင်ငံရေးက မကောင်းလိုက်၊ စပါးဈေး ဆန်ဈေးက မငြိမ်လိုက်နဲ့။ တောင်သူတွေသုံးရတဲ့ မြေသြဇာနဲ့ စက်သုံးဆီဈေးက မကျ၊ စစ်ကောင်စီက ဘဏ်ချေးငွေတွေ ကိုဗစ်ချေးငွေတွေကို အတင်းအဓမ္မတောင်း ဒါမျိုးတွေ လုပ်တဲ့အပြင် အခုသူတို့နဲ့ မရင်းနှီးတဲ့ နေကြာကို စိုက်ခိုင်းနေတာ ခက်တယ်။ မထောက်ပံ့ပေးတဲ့အပြင် ဒုက္ခပေးနေတာပဲ။ တရားဥပဒေကလည်း သူတို့လိုသလို လုပ်နေတာမို့ တောင်သူတွေအတွက် အကြပ်တွေ့နေတယ်။ အခုအချိန်မှာတော့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့် လုပ်ဖို့ ပြောချင်တယ်”လို့ ပြောပါတယ်။
တောင်သူတွေဟာ ဒေသမြေ အနေအထား ရာသီဥတုနဲ့ ကိုက်ညီတဲ့ စပါးကိုပဲ စိုက်ချင်တာဖြစ်ပြီး ပြီးခဲ့တဲ့ မိုးစပါးစိုက်ရာသီက ဓာတ်မြေသြဇာတ် တအိတ် ငွေကျပ် ၁၄၅၀၀၀ အထိပေးဝယ်ရတာ၊ စက်သုံးဆီ တလီတာ ၃၂၀၀ အထိ ပေးဝယ်ရတာ၊ စပါး အပင်ဖျက် ရွှေခရုတွေကျလို့ ရွှေခရုသတ်ဆေး ဝယ်မသုံးနိုင်တာ၊ စပါးခင်းတွေ ရွက်ဖျက်ပိုးကျတာတွေနဲ့လည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။