Home
မြန်မာသတင်း
အာလူးဈေးစံချိန်တင်လာသော်လည်း တောင်သူများအကျိုးမြတ်မရှိ
DVB
·
November 30, 2024

အာလူးအထွက်နှုန်းနည်းလို့ စံချိန်တင်ဈေးတွေဖြစ်လာပေမယ့်လည်း စိုက်ပျိုးစရိတ်တွေ များလွန်းလို့ တောင်သူတွေအကျိုးမြတ်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အဆက်မပြတ်ရွာသွန်းခဲ့တဲ့မိုးကြောင့် အာလူးပင်ညှိုးရောဂါ ဖြစ်ပွားခဲ့ပြီး အာလူးအထွက်နှုန်းလည်း ထက်ဝက်ကနေ သုံးပုံတပုံအထိ ကျသွားခဲ့လို့ အာလူးစိုက်တောင်သူတွေအတွက် အဆုံးအရှုံးများစေတယ်လို့ ပင်းတယမြို့နယ် မြေခြားကျေးရွာက အာလူးစိုက်တောင်သူတယောက်က ပြောပါတယ်။

“ဒီနှစ်က မိုးတအားများတာ။ မိုးတအားများတော့သီးနှံတွေမဖြစ်ဘူးလေ။ အဲဒါနဲ့တောင်သူတွေ လုပ်စားအဆင်မပြေဘူး။ တအားရှုံးတယ်။ သီးနှံလေးနည်းနည်းထွက်တာလည်း ဆေးဖိုးပဲပေးလိုက်။ ဆေးကလည်း ဈေးတွေကြီး၊ မြေဩဇာဈေးတွေကြီးတော့ လုပ်စားမကိုက်တော့ဘူး။ မကိုက်ပေမယ့်လည်း လုပ်စားမျိုးဆိုတော့ လုပ်နေရတာပဲ”

အစွန်းရောက်တဲ့ရာသီဥတုဖြစ်စဉ်ကြောင့် သီးနှံစိုက်ခင်းလုပ်ငန်းတွေဟာ မိုးရာသီမှာ အဆုံးအရှုံးတွေနဲ့ ပိုရင်ဆိုင်လာရပြီး ပုံမှန်နှစ်တွေမှာ အာလူးမျိုး ပိဿာ ၁,၀၀၀ စိုက်ပျိုးရင် အာလူးအထွက်နှုန်းက ပိဿာ ၈,၀၀၀ ကနေ ၁ သောင်းကျော်အထိထွက်ပေမဲ့ အခုနှစ်မိုးရာသီမှာတော့ ပိဿာချိန် ၃,၅၀၀ လောက်ပဲ ထွက်တော့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့မိုးရာသီအတွင်း ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေနဲ့ လုပ်အားခတွေက အရင်နှစ်ကထက် ဈေးတက်လာတာကြောင့် အာလူးတပိသာ ကျပ် ၈,၀၀၀ အထိ စံချိန်တင် ဈေးတွေရလာပေမယ့် သွင်းအားစုစရိတ်စကတွေနုတ်ပြီးချိန်မှာတော့ တောင်သူအတွက် အကျိုးအမြတ်မရှိ ဖြစ်လာတာပါ။

ပင်းတယဒေသက အာလူးစိုက်တောင်သူတယောက်က “မနှစ်က ဒီ မြေဩဇာ ကောမတ်၊ စွမ်းအားရယ်၊ သီးစုံရယ်၊ မနှစ်က ၁ သိန်းနဲ့ ၄ သောင်းခွဲ။ ကောမတ်သီးစုံက ၈ သောင်းခွဲရှိတယ်။ ဒီနှစ်က ကောမတ်သီးစုံက ၁ သိန်း ၁ သောင်းခွဲ။ စွမ်းအားက ၂ သိန်း။ မနှစ်နဲ့စာရင်လေ အဲလောက်ကွာတယ်။ နွားချေးကျလည်း ၁၄ ပေကား ၄ သိန်းနဲ့ ၄ သောင်း။ ဒီနှစ်က ဆောင်းစိုက်ချိန်မှာ ၆ သိန်း။ လုပ်အားခဈေးလည်း မနှစ်က ၈,၀၀၀၊ ဒီနှစ်က ဆောင်းစိုက်တဲ့အချိန်မှာ ၁၁,၀၀၀၊ လူတယောက်။ ပိုးသတ်ဆေး မနှစ်ကဝယ်တာ ၃၉,၀၀၀ ရှိတယ်။ ဒီနှစ်က ၆၈,၀၀၀ ရှိတယ်။  အရင်းအနှီးက အကုန်ကွာတယ်။ မျိုးဈေးလည်းကွာတယ်။ မျိုးက မနှစ်ကစိုက်တဲ့ရာသီမှာ ၃,၅၀၀ ရှိတယ်။  ၅,၀၀၀၊ ၆,၀၀၀ ရှိတယ်။ အခုက ၈,၀၀၀။ မကိုက်ဘူး။ အထွက်နှုန်းတအားကျတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးရာသီအတွင်း အလွန်အကျွံရွာသွန်းမှုတွေကြောင့် စိုက်ပျိုးမြေဧရိယာ ၈ သန်းကျော် ရေလွှမ်းခံခဲ့ရတယ်လို့ ISP(Myanmar)က ထုတ်ပြန်ခဲ့ပြီး ဒီပမာဏမှာ ရေမလွှမ်းပေမယ့် မိုးအဆက်မပြတ်ရွာသွန်းလို့  ရောဂါကျပြီး အထွက်နှုန်းကျဆင်းတဲ့ စိုက်ဧကတွေ မပါဝင်သေးပါဘူး။

ဒါကြောင့် မိုးလွန်တာ၊ မိုးများတာ စတဲ့ အစွန်းရောက်ရာသီဥတုတွေကြောင့် အာလူးက မိုးရာသီမှာ အထွက်နှုန်းကျလို့ ဈေးအဆမတန်မြင့်တဲ့ပြဿနာတွေကို နှစ်တိုင်းလိုလို ရင်ဆိုင်ရနိုင်တယ်လို့ ဝါရင့်အာလူးစိုက်တောင်သူတယောက်က သုံးသပ်ပါတယ်။

“စိုက်ဧကတွေက အများကြီးသွားတိုးလို့မရဘူး။  စိုက်နေတာကတော့ ကျနော့်စိတ်ထင်ကတော့ မဆိုးဘူးပေါ့။ အဓိက ကတော့ မိုးရာသီမှာမအောင်တာက နည်းနည်းဆိုးတယ်။ မိုးစိုက်တဲ့အာလူးက ကျသွားပြီးတော့ အခု နွေအာလူးနဲ့ဆောင်းအာလူးက အောင်မြင်တယ်။ အဲဒီအောင်မြင်တဲ့ဟာကို သိုလှောင်ရုံများများ လိုတယ်။ Cool Storage နဲ့သိုလှောင်တဲ့ စနစ်နဲ့ထိန်းရင်တော့ ရလောက်တယ်” လို့ ပြောပါတယ်။

လတ်တလော ရန်ကုန်မြို့က လက်လီဈေးကွက်ထဲမှာ အာလူးအလတ် ၁ ပိဿာကို ကျပ် ၁ သောင်းနဲ့ အသေး ၁ ပိဿာကို ကျပ် ၈,၀၀၀ ပေါက်ဈေးရှိပြီး တချို့ ကုန်ခြောက်ဆိုင်တွေမှာ အာလူးပြတ်လပ်တဲ့အထိ ဖြစ်လာပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ တနေ့ကို တန်ချိန် ၅၀၀ လောက်သုံးစွဲနေတယ်လို့သိရပြီး စိုက်ပျိုး ထုတ်လုပ်မှုမှာတော့ မိုးများလို့ အထွက်လျော့တဲ့အပြင် သွင်းအားစုဈေးတွေမြင့်တက်တာ၊ သွားလာရေး အကန့်အသတ်တွေ၊ မိရိုးဖလာ အာလူးစိုက်ဧကတွေ တဖြည်းဖြည်း လျော့ကျလာတာနဲ့ နယ်စပ်ဂိတ်တွေဖွင့်လှစ်ချိန်တုန်းက တရားမဝင်အာလူးတွေကို စနစ်တကျ ထိန်းကျောင်းခဲ့တာမရှိလို့ အခုအချိန်မှာ အာလူးလက်လီ ၁ ပိဿာကို ကျပ် ၁ သောင်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024