ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကမ်းခြေရှိ ရေတပ် စစ်သင်္ဘောကနေ ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ကစပြီး အမြောက်နဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
စစ်သင်္ဘောကနေ ပစ်ခတ်မှုကြောင့် မောင်တောတောင်ပိုင်းရှိ ဥဒေါင်း၊ မောရဝတီ၊ သရီကုန်းဘောင်၊ ရွှေဗဟို၊ ကင်းချောင်း၊ ခရေမြိုင်၊ ဗောဓိကုန်း၊ ရွှေရင်အေး၊ ဝေသာလီ စတဲ့ ကျေးရွာတွေက ရွာသားတွေ ထွက်ပြေးနေကြရတာပါ။
ဒေသခံ ရွာသားတဦးက "အလယ်သံကျော်ပင်လယ်ပြင်က စစ်သင်္ဘောကနေ ဒီဇင်ဘာ ၁၁ ရက်မနက် ၉ နာရီကျော်တည်းက ပစ်နေတာပါ။ နာရီဝက်ကျော်ပစ်ခဲ့တယ်။ အခု ည ၈ နာရီကျော်မှာ ပြန်လည်ပစ်ခတ်တာလုပ်လာတယ်” လို့ပြောပါတယ်။
အဆိုပါ ကျေးရွာတွေက သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ ကျန်းမာရေး မကောင်းသူတွေ စုစုပေါင် ၅၀၀၀ ကျော်လောက် မောင်တောမြို့ပေါ်ကို ထွက်ပြေးနေကြရတရှိသလို့ နီးစပ်ရာကျေးရွာတွေမှာ ခိုလှုံနေကြလည်း ရှိပါတယ်။
ဒေသခံတဦးက "စစ်သင်္ဘောက ပစ်တာနဲ့ လက်နက်ပစ်တာ မတူဘူးဗျ။ စစ်သင်္ဘောက ပစ်တာက တလုံးပေါက်ကွဲပြီးရင် နောက်ဆက်တွဲ ၅ လုံးလောက် ထပ်ဆင့်ပေါက်ကွဲတာ။ အခု မောင်တောကမ်းခြေကလူတွေ ထွက်ပြေးနေကြပြီ” လို့ ပြောပါတယ်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ အလွန်အရေးပါတဲ့ မောင်တော-အငူမော်ကားလမ်းရှိ မောရဝတီဗျူဟာ(အလယ်သံကျော်)ကို စစ်ကောင်စီ တပ်အင်အား အလုံးအရင်းဖြည့်ထားပေမဲ့ လက်တွေ့ ထိန်းချုပ်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။
ရက္ခိုင်တပ်တော် အေအေက နိုဝင်ဘာ ၁၃ ရက်က စပြီး မောင်တော-အငူမော်လမ်းရှိ ဒုံးပိုက်စခန်းနဲ့ နိုဝင်ဘာ ၁၄ ရက်မှာ ချိန်ခါလီစခန်း ၂ ခုကို သိမ်းပိုက်ထားပါတယ်။