Home
မြန်မာသတင်း
လွိုင်ကော်ရှိ ပြည်နယ်ရဲစခန်းသိမ်းတိုက်ပွဲတွင်  ရဲတပ်ဖွဲ့ဝင် ၃၀  ထက်မနည်း သေဆုံး
DVB
·
December 12, 2023
lowi 12122023

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တော်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF)က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင် မိသားစုတွေဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၉ ရက်ကစတင်ပြီး ရဲတပ်ဖွဲ့မှူးရုံးကို KNDF က တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာ ရဲတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့ပြီး စစ်ကောင်စီက မိသားစုဝင်တွေကို သေဆုံးကြောင်း သတင်းပေး အကြောင်းကြားတာ မရှိဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင် မိသားစုတဦးက “အဆက်အသွယ်မရလို့ တပ်ရင်းကို ဖုန်းဆက် သတင်းမေးတော့ ငါတို့လည်း မသိရသေးဘူး။ အဆက်အသွယ်မရရင် ကျသွားပြီ။ ဒါပဲ ပြောတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သတင်းထုတ်ပြန်ထားတာ မတွေ့သေးတော့ ဘာသာရေးအရ နာရေးကိစ္စတွေ မလုပ်ရသေးဘူး။ ကျသွားပြီဆိုရင်လည်း သတင်းတိတိကျကျရဖို့တော့ လိုတာပေါ့”လို့ ပြောပါတယ်။ 

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တိုက်ခိုက်ခံရပြီး  ယာဉ်ထိန်းရဲအရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၂ ယောက် သေဆုံးခဲ့တာဖြစ်ပြီး ဒီအထဲက အများစုဟာ  ပဲခူးတိုင်း၊ရွှေကျင်မြို့ကနေ ၂၀၂၂ ခုနှစ်တုန်းက  နယ်ပြောင်း တာဝန်ထမ်းဆောင်ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေလို့လည်း ရဲမိသားစုထံက သိရပါတယ်။

ကရင်နီတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းအတွင်းရှိ လက်နက်မျိုးစုံ ၂၀ ကျော်နဲ့ ရဲတွေ အသုံးပြုတဲ့ ဆိုင်ကယ်တွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်ကလည်း ၆ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပြီး စစ်ကောင်စီဘက်ကတော့  သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024