ရန်ကုန်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့ အောင်ရတနာလမ်းထောင့်မှာရှိတဲ့ သခင်မြပန်းခြံကို စစ်ကောင်စီက အများပြည်သူဝင်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ပန်းခြံ အနီးအနားက စျေးရောင်းသူတွေ အရောင်းပါးပြီး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အရင်က ပန်းခြံကို လာရောက် အပန်းဖြေသူတွေရှိတာကြောင့် အရောင်းအဝယ် ကောင်းခဲ့ပေမဲ့ ပန်းခြံပိတ်ပြီးတဲ့နောက်မှာတော့ ရောင်းအား သိသိသာသာကျဆင်းသွားတယ်လို့ စျေးသည်တစ်ဦးက ပြောပါတယ်။
“အရင်က မနက်ပိုင်းနဲ့ ညနေပိုင်းဆိုပန်းခြံကိုလာပြီး လေ့ကျင့်ခန်းလုပ်တဲ့သူတွေများတော့ ရောင်းအားကောင်းတယ်။ အခုကတော့ တနေ့လုံး မရောင်းရတဲ့နေ့တွေတောင်ရှိတယ်။”
ဒါ့အပြင် ပန်းခြံရဲ့အနီးအနားမှာ စျေးရောင်းတဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်အဖွဲ့ဝင်တွေက လိုင်းကြေးပုံစံ နေ့စဉ် ပိုက်ဆံလာရောက်ကောက်ခံလေ့ရှိတယ်လို့ စျေးသည်တစ်ဦးက ပြောပါတယ်။
“ပိုက်ဆံက တစ်နေ့ကို တထောင်ပေးရတယ်။ မပေးတဲ့စျေးသည်တွေကိုတော့ လာ မရောင်းခိုင်းဘူး။ ဒါပေမဲ့ သူတို့ကို အထက်က ဖမ်းခိုင်းတဲ့ရက်ဆိုရင်တော့ ပိုက်ဆံပေးထားတဲ့သူကော မပေးတဲ့သူကိုရော အကုန်ဖမ်းတာပဲ။”
အခုတော့ ပန်းခြံပိတ်ထားတာကြောင့် သခင်မြပန်းခြံအနီးမှာ စျေးရောင်းတဲ့ လမ်းဘေးဆိုင် အရေအတွက် သိသိသာသာ နည်းပါးသွားပြီး လက်ရှိရောင်းချနေတဲ့ စျေးသည်တွေလည်း စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဝန်ထမ်းတစ်ဦးကတော့ သခင်မြပန်းခြံကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် အခုလို ကြာမြင့်စွာ ပိတ်ထားတာဖြစ်ပြီး လာမယ့် ၂၀၂၄ ခုနှစ်အတွင်း ပြန်ဖွင့်နိုင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ ရက်က သခင်မြပန်းခြံအတွင်း လက်လုပ်ဗုံး ၂ လုံး တွေ့ရှိပြီးတဲ့နောက် စစ်ကောင်စီက ပန်းခြံကို ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။