ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပြီးနောက်မှာ အမေရိကန် ပြည်ထောင်စုနဲ့ဆိုရင် တရားမျှတတဲ့ ကမ္ဘာကြီး မဖြစ်နိုင်ဘူးလို့ တူရကီသမ္မတ တေယစ်ပ် အာရ်ဒိုဂန်က ဒီဇင်ဘာ ၉ ရက်နေ့ အစ္စတန်ဘူလ်ရှိ လူ့အခွင့်အရေး အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အာဒိုဂန်က ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားပြီး လုံခြုံရေး ကောင်စီဟာ အောက်တိုဘာ ၇ ရက် စစ်ပွဲစတင်ကတည်းက အစ္စရေးကို ကာကွယ်ခဲ့ပြီး တူရကီဟာ ကုလဆီကနေ ဘာကိုမျှ မမျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီဟာ အောက်တိုဘာ ၇ ရက်ကတည်းက အစ္စရေးကို ကာကွယ်စောင့်ရှောက်တဲ့ ကောင်စီ ဖြစ်လာပါပြီလို့လည်း ဆိုပါတယ်။
ဂါဇာစစ်ပွဲအပြီးမှာ ဂါဇာမှာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေနဲ့အတူ အကူအညီမဲ့ပြီး ပျက်ယွင်းနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံကိုလည်း တကမ္ဘာလုံးက ဝိုင်းပြီးမေးခွန်းထုတ်ခံရလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း အာရ်ဒိုဂန်က ပြောပါတယ်။
အစ္စရေးနဲ့ ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့၊ ဟားမတ်စ်တို့ကြား စစ်ပွဲမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းရပ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဆိုပြုချက်ကို ဒီဇင်ဘာ ၈ ရက်မှာ အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့တာပါ။
ဗြိတိန်က ကြားနေခဲ့ပြီး တခြားအဖွဲ့ဝင် ၁၃ ဦးက အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ပေးခဲ့တာဖြစ်ပါတယ်။
Source/Photo - Reuters