မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်တပ်က ဒီဇင်ဘာ ၁၀ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သပြေညိုဇရပ်အနီး ရေနံမှော်တခု မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “မနက် အစောပိုင်းကြီးကို လာပစ်တာ။ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့လာကြဲတာ။ ဗုံးက ၄ လုံး ကြဲတယ်၊ တလုံးက မပေါက်ဘူး၊ ၃ လုံးကတော့ ပေါက်ကွဲတယ်။ ဗုံးပေါက်ကွဲလို့ လူကတော့ ထိခိုက်မှုမရှိဘူး။ ဗုံးပေါက်ကွဲလို့ ဒီဇယ်ချက်ဖို ၁လုံး မီးလောင်ပြီး ဆီအပြည့် ထည့်ထားတဲ့ ဆီ ပီပါ ၃၀ ကျော် မီးလောင်သွားတယ်။ ကာလပေါက်ဈေးနဲ့ဆိုရင် သိန်း ၁၅၀ ကျော် မီးလောင်ဆုံးသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ မပေါက်ကွဲသေးတဲ့ပေါင် ၅၀၀ ဗုံးကို ပေါက်ပြည်သူ့ကာကွယ်ရေး အဖွဲ့ တဖွဲ့က သိမ်းဆည်းသွားပြီး ဒေသခံတွေကတော့ နောက်ထပ်တကြိမ် လေယာဉ်နဲ့ လာပစ်မှာ စိုးရိမ်နေကြပြီး နေရပ်စွန့်ခွာရှောင်တိမ်းနေတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာလည်း ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝါဘိုကျေးရွာကို ဒီဇင်ဘာ ၁၀ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်မှာ ပါဒလိတ်အခြေစိုက် ခလရ ၃၄၄ က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝါဘိုကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
ဝါဘိုကျေးရွာနေ ဦကျော်တင်လှိုင်ရဲ့ နေအိမ် ထမင်းချက်ခန်းမှာ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်နီးနားချင်းဖြစ်တဲ့ ဦးသန်းမောင်ရဲ့သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် မောင်မျိုးဆက်ပိုင်ရဲ့ ဘယ်ဘက်ပါးမှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံက “စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်တဲ့ ကျေးရွာမှန်းသိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ မတော်တဆ ကျရောက် ပေါက်ကွဲတာမျိုး လုံးဝမဟုတ်ပါဘူး။ သူတို့ဆီမှာ ရွာတွေရဲ့ မြေပုံအညွှန်းတွေ အားလုံးရှိပြီးသားပါ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ် Channel တွေမှာတော့ ရက္ခိုင့်တပ်တော် အေအေက ပစ်ခတ်တယ်လို့ ရေးသားဖော်ပြပြီး ရခိုင်ပြည်နယ်အတွင်းက ဘယ်ပစ်ခတ်မှု၊ မီးရှို့ ဖျက်ဆီးမှုကို မဆို အေအေရဲ့လက်ချက်လို့ ပြန်လည်ဝါဒဖြန့်နေတာတွေ့ရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် အေအေက စတင်ခဲ့တဲ့ စစ်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၃၀ ကျော် သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။