ဒီဇင်ဘာ ၉ ရက်ညကတည်းက ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ကရင်နီပြည်နယ်ရဲ့ အထင်ကရ စေတီတော်ဖြစ်တဲ့ တောင်ကွဲစေတီက ကျည်ထိမှန်ခဲ့ရပြီး အကြီးဆုံး ဈေးဖြစ်တဲ့ သီရိမင်္ဂလာစျေး (လွိုင်ကော်တောင်စျေး) တခုလုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးက ဒီဇင်ဘာ ၁၀ ရက် မနက် ၁ နာရီခွဲလောက်မှာ ဈေးအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ လွိုင်ကော်ဒေသခံ တယောက်က ပြောပါတယ်။
"သူတို့ဘက် (စစ်ကောင်စီတပ်) ကပစ်တဲ့ လက်နက်ကြီး ထိလို့ မနက် ၁ နာရီခွဲမှာ စလောင်တာ။ ညကတည်းက တချိန်လုံးပစ်နေတာ။ မနက်ကထိ မီးမငြိမ်းသေးဘူး လောင်နေတုန်း။ အခုဆို ဈေးတခုလုံး အကုန်လုံးကုန်ပြီ။ ဆိုင်ခန်းက ၁,၀၀၀ လောက်ရှိတယ်၊ ကရင်နီတပြည်လုံးက အဲဒီ့ဈေးပဲ အားကိုးနေရတာ။"
ဒါ့အပြင် လက်နက်ကြီး ရှပ်မှန်တာကြောင့် ကရင်နီပြည်နယ် လွိုင်ကော်မြို့ရဲ့ အထင်ကရနဲ့ အမြင့်ဆုံး စေတီဖြစ်တဲ့ တောင်ကွဲစေတီတော် အနောက်ဘက် တနေရာလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
"ဟုတ်တယ် အဲတာက မနေ့ညကထိတာ။ ကရင်နီပြည်ရဲ့ အကြီးဆုံး စေတီတော်လေ နည်းနည်းပျက်စီးသွားတယ်" လို့ ဒေသခံက ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီကို KNDF ၊ PDF ၊ KA ၊ ကလလတ ပူးပေါင်းတပ်တွေက ၁၁၁၁ စစ်ဆင်ရေး စတင်ကတည်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ လူနေရပ်ကွက်တွေကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာလို့ သိရပါတယ်။