ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ညပိုင်း လျှပ်စစ်မီး မလာတာကို အခွင့်ကောင်းယူပြီး ဒုစရိုက်သမားတွေက အသက်အန္တရာယ် ခြိမ်းခြောက် လုယက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မအူပင်မြို့နယ်မှာ လျှပ်စစ်မီး ပြတ်တောက်တဲ့ ညနေစောင်းနဲ့ ညဘက်တွေမှာ သွားလမ်းလာတွေ ဆီကနေ တန်ဖိုးကြီးပစ္စည်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက်လာကြတယ်လို့ ကိုယ့်တွေ့ကြုံရတဲ့ ဒေသခံ တဦးက ပြောပါတယ်။
''အခုက ကျမတို့ မြို့မှာ ညဘက် အပြင်မထွက် ရဲသလောက် ဖြစ်နေတယ်။ မနေ့က အလုပ်ကိစ္စ တခုနဲ့ အပြင်သွားတာ။ အနောက်ကနေ လုယက်တဲ့အဖွဲ့က လိုက်လာတာ။ လက်ထဲမှာကိုင်လာတဲ့ ဖုန်းကို အတင်းဝင်လု သွားတယ်။ အော်ရင် သတ်ပစ်မယ်ဆိုလို့ မအော်ရဲဘူး။ အဲဒီအချိန်က လမ်းမီးလည်းမရှိဘူး ၊မီးပြတ်နေ တဲ့အချိန်ပါ။ ဒုစရိုက်သမားတွေက ပေါ်ပေါ်တင် တင်ပုံစံနဲ့ တော်တော်လေး အတင့်ရဲလာတာ။”
အခုလို လျှပ်စစ်မီးမမှန်တာကို အခွင့်ကောင်းယူ လုယက်လာတာဟာ အလုပ်အကိုင်ရှား ပါးလာတာ နဲ့ စီးပွားရေးကျပ်တည်းလာတာတွေကြောင့် ဖြစ်လာတာလို့ မအူပင်မြို့က ဒေသခံဝန်ထမ်း တဦးက ပြောပါတယ်။
''ရပ်ကွက်ထဲက ပဲကုန်သည် တဦးဆို ဒီလို ဖြစ်စဉ်ကြုံရတာဟာ ၂ ကြိမ် ရှိပြီတဲ့။ စစ်ကောင်စီ လက်ထက်မှာ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် ခိုးမှု၊ ဓားပြတိုက်မှု လုယက်မှုတွေ များလာ တယ်။ စပါးဆန်ကုန်သည် သူငယ်ချင်း အမျိုးသား တယောက်လည်း ပြီးခဲ့တဲ့လက သူကိုဓား ထောက်ပြီး ပိုက်ဆံတွေလုယူ ခံရသေးတယ်”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်လောက်ကလည်း မအူပင်မြို့နယ် ရန်ကုန် - မအူပင် ကားပေါ်မှာ ဆန်အိတ်တွေ တင်မောင်းလာတဲ့ ဆန်ကုန်သည် တဦး ဝိုင်းရိုက်နှက်ခံရပြီး လုယက် ခံခဲ့ရပါတယ်။