ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် က တံတား ၁ စင်း မိုင်းခွဲခံရတယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက် ည ၉ နာရီကျော်လောက်က ဘန့်ဘွေးကုန်းကျေးရွာထိပ်က အလျားပေ ၄၀ နဲ့ အကျယ်ပေ ၄၀ ခန့်ရှိတဲ့ တံတားကို မိုင်းထောင်ဖောက်ခွဲသွားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရှိရသေးဘူးလို့ ကုန်ကားမောင်းတဲ့ အမျိုးသား တဦးက ပြောပါတယ်။
"လမ်းဟောင်းဆိုပေမဲ့အသုံးပြုကြသေးတယ်။ ညတွေမောင်းတဲ့အခါမှာ ကျိုးကျတာ မသိသေးတဲ့ ကားဆရာတွေအတွက် အန္တရာယ်ဖြစ်နိုင်တာပေါ့။ ယမ်းအားတော်တော်ပြင်းမယ်ထင်တယ်။ လမ်းရဲ့ သုံးပုံ တပုံလောက်ကိုပျက်စီးသွားတယ်။"
မိုင်းပေါက်ကွဲလို့ တံတားရဲ့ လမ်းတခြမ်းဖြစ်တဲ့ အကျယ်ပေ ၁၀ ကျော်နဲ့ အလျားပေ ၄၀ ခန့်ဟာ ပြိုကျပျက်စီးသွားပေမဲ့ တံတားတခြမ်းက အကောင်းတိုင်းရှိနေတာကြောင့် ကားကြီးကားငယ်တွေ ပုံမှန်အတိုင်း သွားလာနေကြတယ်လို့ သိရပါတယ်။