ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ဝင်း Hexagon Complex အဝင်ပေါက်ဂိတ်မှာ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တာကြောင့် ကုမ္ပဏီလုံခြုံရေးဝန်ထမ်းတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Waterzonic Myanmar က ကျင်းပမယ့် ဂီတဖျော်ဖြေပွဲမစတင်ခင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ နေသူတဦးက ပြောပါတယ်။
"ဒီနေ့ညပိုင်း ရွှေထွဋ်တင်ကွင်းမှာ Waterzonic EDM ပွဲရှိတယ်လို့တော့သိထားတယ်။ ဗုံးပေါက်တာက ညနေ ၃ နာရီလောက်ရှိမယ်။ ဒီအချိန်မျိုးက လူစည်ကားတဲ့ ဘယ်နေမျိုးကိုမှ မသွားတာအကောင်းဆုံးပါပဲ။"
အဲ့ဒီဗုံးဖောက်ခွဲမှုကိုတော့ Dark Shadow တပ်ဖွဲ့နဲ့ မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစုတို့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ဒေါက်တိုင် ခေတ်ပျက်သူဌေးတွေက ဦးဆောင် ကျင်းပတဲ့ အဲ့ဒီပွဲမှာ လူငယ်တွေကို မူးယစ်ဆေးဝါးရောင်းချတာ၊ တိုင်းပြည်အေးချမ်းသယောင် ကျင်းပနေကြောင်းနဲ့ ဖရဲသီး အတွင်းသတင်းပေးမှုကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၈ ရက် ညပိုင်းက တာမွေမြို့နယ်၊ အသောကလမ်းပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ တာယာကွင်းတွေ မီးရှို့ဆန္ဒပြခဲ့တဲ့လူငယ်တွေကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး လူငယ်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။