ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူးကို ဒီဇင်ဘာ ၇ ရက် ည ၈ နာရီလောက်မှာ ပျောက်ဆုံးသွားပြီး အမည်မသိအဖွဲ့တခုက ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဟာ ရုံးကိစ္စနဲ့ မောင်တောမှ ငါးခူရကျေးရွာကို လောင်းဒုံကျေးရွာလမ်းဘက်ကနေ ပြန်လာစဥ် ဒိုးတန်းရွာဟောင်းအနီးမှာ ပျောက်ဆုံးသွားတာလို့ ဆိုပါတယ်။
ငါးခူရဒေသခံတဦးက "သူအိမ်ပြန်မရောက်လို့ မိသားစုတွေနဲ့ ရွာသူရွာသားတွေ ထွက်ရှာကြတာ။ သူဆိုက်ကယ်ကို ဒိုးတန်းရွာဟောင်းနားမှာ တွေ့ရတယ်။ ဖုန်းဆက်လို့လည်းမရဘူး။ သေဆုံးတယ်ဆိုလည်း အလောင်းတွေမှာပေါ့။ အခုက အဖွဲ့တခုက ဖမ်းဆီးသွားတဲ့ပုံဖြစ်နေတယ်" လို့ ပြောပါတယ်။
ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူးကို ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးသလို ဒီဇင်ဘာ ၉ ရက် ဒီနေ့အထိ တစုံတရာ ဆက်သွယ်တာမျိုး မရှိသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။