ဂျာမနီနိုင်ငံမှာ ရထားမောင်းသမားတွေ ၂၄ နာရီကြာ သပိတ်မှောက်နေတာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က ရထားခရီးစဉ်တွေရပ်တန့်သွားပြီး ဂျာမန်ခရီးသွားပြည်သူတွေ နှောင့်နှေးကြန့်ကြာမှုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
မီးရထားမောင်းလုပ်သားတွေရဲ့ လုပ်ခလစာနဲ့ အလုပ်ချိန်နဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံပိုင် မီးရထားအော်ပရေတာ ဒွိုက်ချ်ဘန်းလုပ်ငန်းနဲ့ ရထားကုမ္ပဏီဝန်ထမ်းတွေ ပါဝင်တဲ့ မီးရထားမောင်းများသမဂ္ဂ ( GDL) တို့အကြား ၂ ကြိမ်တိုင် ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ပြီးနောက် သပိတ်မှောက်ခဲ့ကြတာပါ။
သပိတ်ကြောင့် သောကြာနေ့က ခရီးဝေးရထားခရီးစဉ် ၂၀ ရာခိုင်နှုန်းလောက်ပဲ ပြေးဆွဲနိုင်ခဲ့ပြီး သပိတ်အပြီး စနေနေ့မှာတော့ ခရီးစဉ်တွေ အပြည့်အဝပြန်ပြေးဆွဲနိုင်မယ်လို့ ဂျာမနီ နိုင်ငံပိုင်မီးရထားကုမ္ပဏီက ကြေညာပါတယ်။
မီးရထားမောင်းများသမဂ္ဂ GDL ဟာ အချိန်ပိုင်း မီးရထားမောင်လုပ်သားတွေအတွက် တစ်ပတ်ကို အလုပ်ချိန် ၃၈ နာရီကနေ ၃၅ နာရီအထိ လျှော့ချပေးဖို့ အပြင် တစ်လကို ၅၅၅ ယူရိုနဲ့ ငွေကြေးဖောင်းပွမှု လျော်ကြေးငွေ ယူရို ၃၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင် မီးရထားလုပ်ငန်း ဒွိုက်ချ်ဘန်းကတော့ ၁၁ ရာခိုင်နှုန်းပဲ တိုးနိုင်မယ်လို့ ကမ်းလှမ်းထား ပါတယ်။
ဒွိုက်ချ်ဘန်းရဲ့ လုပ်ခလစာကမ်းလှမ်းချက်ဟာ ရွံစရာ ကောင်းတယ်လို့ GDL သမဂ္ဂရဲ့ အကြီးအကဲ ကလော့စ်ဝက်စက်စကီက သပိတ်မှောက် သမဂ္ဂအဖွဲ့ဝင်တွေကို ဘာလင်မြို့တော်ရဲ့ အပြင်ဘက်မှာ မိန့်ခွန်းပြောချိန်အတွင်း ပြောပါတယ်။
GDL ဟာ နိုဝင်ဘာလကုန်မှာ ဒွိုက်ချ်ဘန်းနဲ့ စေ့စပ်ညှိနှိုင်းတာတွေကိုရပ်ခဲ့ပြီး ခရစ္စမတ် မတိုင်မီရသင့်တဲ့ ရလဒ်တွေကို မရမချင်း အကန့်အသတ်မရှိ သပိတ်မှောက်ဖို့ မဲစနစ်တစ်ခုလည်း စတင်လုပ်ဆောင်ခဲ့ပါတယ်။
Source/Photo - Reuters