မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူနဲ့ အာဆင်နယ်အသင်းတို့ဟာ ပြိုင်ဘက်အသင်းတွေကို အသီးသီး ရှုံးနိမ့်သွားပါတယ်။
အစောပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို ၃ ဂိုး ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့ရတာပါ။
မန်ယူအသင်းဟာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး နောက် ချဲလ်ဆီးနဲ့ပွဲမှာ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပေမဲ့ ဘုန်းမောက်နဲ့ပွဲမှာ ရှုံးပွဲ ပြန်တွေ့ခဲ့ရတာပါ။
အာဆင်နယ်ကလည်း ရလဒ်ကောင်းနေတဲ့ အက်စတန်ဗီလာကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပွဲချိန် ၇ မိနစ်ကတည်းက ဗီလာက မက်ဂင်းရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး အာဆင်နယ်က နောက်ပိုင်း ပွဲချိန် တလျှောက်လုံး စိုးမိုးကစားခဲ့ပေမဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာပါ။
ခိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုး လက်ထိ ဘောဖြစ်ခဲ့ပြီး အိုဒီဂတ်နဲ့ ဂျေဇု တို့ဟာလည်း အခွင့်အရေးတွေ လွဲချော်ခဲ့တာကြောင့် အာဆင်နယ် အသင်းရှုံးပွဲ တွေ့ခဲ့ရတာပါ။
အာဆင်နယ်ရဲ့ ရှုံးပွဲကြောင့် ပဲလေ့ကို ပြီးခါနီးဂိုးနဲ့ အနိုင်ယူခဲ့တဲ့ လီဗာပူးအသင်းက အဆင့် ၁ နေရာ ကို ၁ မှတ်အသာနဲ့ တက်လှမ်းနိုင်ခဲ့ပါတယ်။
Photo-Reuters