Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများထံက လစာဝင်ငွေအပေါ်  စစ်ကောင်စီ အခွန်ကောက်
DVB
·
December 10, 2023
workers 10122023

စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာနက ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမယ့် အစီစဥ်ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ကိုရီးယားအခြေစိုက် မြန်မာသံရုံးက  ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်ခဲ့ပြီး ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားဝင်ငွေနဲ့ ရရှိတဲ့လစာဝင်ငွေအပေါ် မူတည်ပြီး အခွန်ငွေကို အောက်တိုဘာ ၁ ရက်က စတင်ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကိုရီးယားသမ္မတနိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားပတ်စ်ပို့ (PJ)နဲ့ လုပ်ငန်းပတ်စ်ပို့ (PB) ကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်က စတင်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ မြန်မာသံရုံးကို လာတဲ့အခါ ဝင်ငွေခွန်ကို ထမ်းဆောင်လိုတဲ့ ကာလတွေအတွက် တပါတည်း ထမ်းနိုင်တယ်လို့ ကိုရီးယားအခြေစိုက်မြန်မာသံရုံးက ထုတ်ပြန်ထား ပါတယ်။

ကိုရီးယားရောက် မြန်မာအလုပ်သမားတဦးက ''သံရုံးကတင်တာဆိုတော့ သေချာမှာပေါ့။ ဆောင်ချင်ရင် သက်တမ်း မတိုးလည်းဆောင်လို့ရတယ်။ ပတ်စ်ပို့ သက်တမ်းတိုးမယ့် သူတွေကတော့ ဆောင်ရမှာပေါ့။ သူတို့ကို မဆောင်ရင် ပတ်စ်ပို့  မပေးဘူး ဘာညာဖြစ်နိုင်တာကိုး။ ရှိပြီးသားလူတွေကတော့ မဆောင်လောက်ဘူးထင်တယ်။ စကစကို ဘယ်သူက သွားဆောင်မှာလဲ။ ပတ်စ်ပို့သက်တမ်းတိုးမယ့် သူတွေပဲ မတက်သာလို့ ဆောင်ရမှာ'' လို့ဆိုပါတယ်။

အခွန်ဆောင်တဲ့အခါမှာလည်း မိမိတို့ရရှိတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့သာ ပေးဆောင်ရမှာဖြစ်ပြီး လစဥ်၊ သုံးလတစ်ကြိမ်၊ နှစ်စဥ် သက်ဆိုင်ရာသံရုံးမှာ ပေးဆောင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှ ပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024