တန်ဇန်းနီးယားသမ္မတ ဆာမီယာ ဆူလူဟူ ဟက်ဆန်ဟာ ဒီဇင်ဘာ ၃ ရက်က ရေကြီး၊ မြေပြိုမှု တွေကြောင့် လူပေါင်း ၇၆ ယောက် သေဆုံးခဲ့တဲ့ မန်ယာရာဒေသ ဟာနန်ခရိုင်ကို ဒီဇင်ဘာ ၇ ရက် က သွားရောက်ပြီး ရုတ်တရက်ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးခဲ့ ပါတယ်။
ဒီဇင်ဘာ ၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကနေ ဖြစ်ပွားလာတဲ့ ရုတ်တရက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၆၉ ဦးကနေ ၇၆ ဦးအထိ အရေအတွက် တိုးလာပြီး တော့ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူပေါင်း ၅၆၀၀ ကျော် ရှိတဲ့အပြင် လယ်ယာစိုက်ခင်းပေါင်း ၇၅၀ ပျက်စီးပြီးတော့ တိရစ္ဆာန်များစွာ သေဆုံးခဲ့ရကြောင်း ဝန်ကြီးချုပ်ရုံး ၀န်ကြီး ဂျနစ်စ်တာ မှာဂမာ က သမ္မတကို ရှင်းလင်းပြောကြားပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၅၆၀၀ ထဲက ၄၄၀ လောက်ဟာ စာသင်ကျောင်းတွေရှိ အဆောက်အဦ ၃ ခုမှာ ခိုလှုံနေကြပြီး တချို့မှာလည်း ဆွေမျိုးတွေနဲ့အတူ တည်းခိုနေကြကြောင်း မှာဂမာက ပြောကြားပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနတွေမှ အရာရှိ ၁,၂၈၅ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့က ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ် လို့လည်း ဆိုပါတယ်။
ထိခိုက်ပျက်စီးခဲ့တဲ့နေရာတွေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်လူနာတွေနဲ့ ခိုလှုံရေးစခန်းတွေ မှာ တည်းခိုနေသူတွေဆီ သွားရောက်ခဲ့ပြီးနောက်မှာ သမ္မတ ဟက်ဆန်က အစိုးရဟာ ဘေးဒုက္ခသည်တွေရဲ့ ဆေးဖိုး၊ စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်ရေး ခရီးစဉ်မှာ တခြား လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ့်အပြင် ဒီအဖြစ်ဆိုးမှာ အိုးအိမ်ဆုံးရှုံးရသူတွေအတွက် အမြဲတမ်းနေထိုင်နိုင်တဲ့ မြေကွက်တွေ ခွဲဝေပေးသွားမယ် လို့လည်း ပြောသွားပါတယ်။
တချိန်က အိမ်ခြေ ၅၀ ကျော်ရှိပြီး လူစည်ကားခဲ့တဲ့ ဂန်ဒါဘီ ကျေးရွာမှာ စစ်တပ်အဖွဲ့တွေက အလောင်းတွေကို တူးဖော်နေကြပါတယ်။
World Vision တန်ဇန်းနီးယားရဲ့ အမျိုးသား ဒါရိုက်တာ ဂျိမ်းစ် အန်ဒီတီ က လူတွေကို ရောဂါပိုး မကူးစက်အောင် ရေ၊ ဆပ်ပြာနဲ့ အကူအညီတွေ ပေးနေကြောင်းနဲ့ အစားအသောက် ပစ္စည်းတွေ လည်း လိုက်ကြည့်နေကြောင်း ပြောပါတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေကြီးမှာ ရေ အလွန်အကျွံ စိမ့်ဝင်နူးညက်နေရာကနေ ဟာနန်တောင်ကုန်းရှိ ကျောက်တုံးတွေ ချောင်ထွက်လာပြီး ဒီဇင်ဘာ ၃ ရက်မှာ မြေပြိုမှုနဲ့ ရွှံ့နွံတွေ ဖြစ်ပေါ်ခဲ့တာ လို့ ဆိုပါတယ်။
Source/Photo - Reuters