ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ဒေသခံတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် နောက်ဆုံးထားပြီး အကုန်ရှောင်ခိုင်းထားတယ်လို့ ဒေဒခံတွေက ပြောပါတယ်။
"ကွတ်ခိုင်မြို့တော့ နောက်ဆုံးရက်ရောက်ပြီ။ ဒီနေ့နဲ့ မနက်ဖြန် နောက်ဆုံးတဲ့။ အားလုံး ရှောင်ရမယ်တဲ့။ ရှောင်ပြေးကုန်ပြီ။ ရပ်ကွက် ၂ တွေက နားဝိုင် တောရွာဘက် မရှောင်မနေရတဲ့" လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီလောက်များတဲ့ အိမ်တွေကို ပစ်ထားပြီး ထွက်ပြေး တိမ်းရှောင်ကြမယ်ဆိုရင်တော့ ဆိုင်ကယ်၊ ကားဆီတွေ မရှိတဲ့အပြင် တောဘက်ထဲ ကားတွေလည်း မောင်းသွားလို့ မရဘူးလို့ သူက ပြောပါတယ်။
"အခု အဲဒီ ရပ်ကွက် ၁ တွေ၊ ရပ်ကွက် ၂ တွေ၊ ရပ်ကွက် ၅ တွေ အကုန်လုံး ရှောင်ပြေးရမယ်တဲ့။ ဘယ်သူမှ နေလို့မရဘူးတဲ့။ ဒီလောက်များတဲ့ လူတွေ ဘယ်မှာ တဲဆောက်ပြီး နေရမှာလဲ။ ဘာစားပြီးနေရမှာလဲ။"
ဒေသခံနောက်တဦးကလည်း လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် ပြည်သူတွေ ထိတ်လန့် စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှာလည်း ကွတ်ခိုင် စစ်ကောင်စီတပ်က မြို့ထဲဘက် လက်နက်ကြီး ပစ်ခတ်တာကြောင့် ရပ်ကွက် ၂ က ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင် စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။