ရက္ခိုင်တပ်တော် (အေအေ)တပ်တွေဟာ မကွေးတိုင်းထဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့အတူ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့က ပြောပါတယ်။
ကလေး-ဂန့်ဂေါ-ပခုက္ကူလမ်းပိုင်းပေါ်မှာ အင်အား ၇၀ လောက် အထိုင်ချထားတဲ့ မကွေးတိုင်းရှိ ရေမျက်ရဲစခန်းကို တိုက်ခိုက်ရာမှာ အေအေတပ်တွေလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတာ လို့ဆိုပါတယ်။
ဒေသခံတော်လှန်ရေးသမားတဦးက "မကွေးက ရေမျက်နီ ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေနဲ့ ညီနောင်မဟာမိတ်အဖွဲ့က အေအေတပ်တွေ ပူးပေါင်းပြီး ဝိုင်းထားကြတယ်။ ရန်သူဘက်ကလည်း လေကြောင်းနဲ့ သူတို့ရဲ့လူတွေ ထွက်ပေါက်ရဖို့အရေး ကြိုးစားနေကြတယ်”လို့ ပြောပါတယ်။
ထီးလင်းမြို့နယ် မြောက်ဖျားရှိ ရေမျက်နီရွာအခြေစိုက် ရဲစခန်းကို တိုက်နေတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းတွေ၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ရက္ခိုင်တပ်တော် အေအေ တပ်ဖွဲ့လည်း ပူးပေါင်းပါဝင်လုပ်ဆောင်နေကြောင်း မဟာမိတ်ညီနောင် ၃ ဖွဲ့ကလည်း ဒီဇင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
ရေမျက်နီရွာ အရှေ့မြောက်ဘက် ၂ ဖာလုံလောက်မှာရှိတဲ့ အဆိုပါ ရဲစခန်းမှာ စစ်သားနဲ့ရဲ အင်အား ၇၀ လောက် တပ်စွဲထားပြီး ထီးလင်းမြို့နဲ့ ကျောမြို့အကြားတည်တာဖြစ်လို့ ကလေး-ဂန့်ဂေါ-ပခုက္ကူလမ်းပိုင်းပေါ်မှာ အချက်အချာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒေသခံတဦးက "အေအေက မဟာမိတ်တွေနဲ့ပေါင်းပြီး အဓိကတိုက်ပွဲဖြစ်နေတဲ့ မြန်မာပြည်ရဲ့ အဓိကကျတဲ့နေရာတွေကို အခုလို ထိုးဖောက်ဝင်ရောက်လာတွေနေရတယ်ဗျ။ အားရစရာပေါ့။ အခုဆို မကွေးတိုင်းအထိပေါ့။ အောက်တိုဘာလကဆို စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်မှာ စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြင်ထန်ခဲ့ကြတယ်"လို့ ပြောပါတယ်။
ရက္ခိုင်တပ်တော် (အေအေ) တပ်တွေအနေနဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး ယနေ့အထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။