တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ကနေ မြောက်ဦးမြို့ကို စစ်ဘေးရှောင်လာတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတဦး ဒီဇင်ဘာ ၉ ရက် မနက် ၅ နာရီကျော်က စက်လှေပေါ် ကလေးမွေးဖွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဆွေမျိုးတော်စပ်သူတဦးက "ပေါက်တောဆေးရုံမှာ ဆရာဝန်လည်းမရှိ ဘယ်သူမှလည်းမ ရှိကြတော့ဘူးလေ။ သူမက မွေးဖွားခါနီး နေ့စေ့လစေ့ဆိုတော့ မြောက်ဦးမြို့ကို စစ်ဘေးရှောင်ကြပြီး အဲ့ဒီမှာ မွေးဖွားကြမလို့ လာခဲ့ကြတာ။ စက်လှေပေါ်မှာပဲ မွေးဖွားသွားတယ်။ အမေရော၊ ကလေးပါ ကျန်းကျန်းမာမာ ရှိပါတယ်" လို့ ပြောပါတယ်။
ပေါက်တောမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်နေပြီး စစ်ကောင်စီက လမ်းမှာ တွေ့သမျှ ပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတွေဆီက သိရပါတယ်။
ပေါက်တောမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူ ၇၀၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေ ကြရပါတယ်။