ရန်ကုန်၊ တာမွေမြို့နယ်၊ အသောကလမ်းပေါ်မှာ ဒီဇင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲက လမ်းပိတ်ကာ တာယာကွင်းနဲ့ စစ်အာဏာရှင်စနစ်ကို မီးရှို့ဆန္ဒပြခဲ့တဲ့သူတွေကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးရာ ၂ ဦး သေဆုံးပြီး လူငယ်တချို့ ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်ရပ်ကွက် အသောကလမ်းမပေါ်မှာ လူငယ်တချို့ လမ်းပိတ်ကာ တာယာကွင်းကို မီးရှို့ ဆန္ဒပြတာကို စစ်တပ်က လိုက်လံဖမ်းဆီးခဲ့တာပါ။
အသောကလမ်းနေသူ တဦးက "အသောကမှာ ဆန္ဒပြနေတာ ဘယ်သူ သတင်းပေးလိုက်လဲ မသိဘူး။ စစ်တပ်က လိုက်ရှာတာ သီတာလမ်းမှာ သွားတွေ့တာ။ အဲဒီမှာ ပစ်ပြီး ဖမ်းတာ လူတွေလည်း ရှုတ်ရှုတ်သဲသဲဖြစ်သွားတာ "လို့ ပြောပါတယ်။
စစ်တပ်က လိုက်ဖမ်းလို့ ထွက်ပြေးသွားတဲ့ လူငယ်တချို့ကို ကျောက်မြောင်းကြီးရပ်ကွက် သီတာလမ်း ကားမှတ်တိုင်မှာ ရှာဖွေတွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီးရာ ၂ ဦး ကျည်ထိမှန် ဒဏ်ရာရပြီး ၂ ဦးကို အသက်ရှင်လျက် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဖြစ်စဥ်ကို သိရှိသူ တဦးက "စစ်တပ်က သေနတ်နဲ့ လိုက်ပစ်တာ နှစ်ယောက်ထိ သွားတယ်။ ဒဏ်ရာတွေ သွေးတွေနဲ့ အဲဒီနှစ်ယောက်ကို ကားလမ်းမမှာ ဒီအတိုင်းထားပြီး ကျန်တဲ့ နှစ်ယောက်ကို လိုက်ဖမ်းတာ မိသွားတယ်၊ နောက်ထပ် လူငယ်တွေကိုလည်း ထပ်ဖမ်းတယ် "လို့ ပြောပါတယ်။
သေနတ် ဒဏ်ရာရတဲ့ လူငယ် ၂ ဦးကို စစ်တပ်က ပြန်သယ်ရာမှာ ကားပေါ်မှာပဲ သေဆုံးပြီး မင်္ဂလာဒုံဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီး ၃ နှစ်ကျော်ခဲ့ပေမဲ့ လူငယ်တွေကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြနေတာပဲဖြစ်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်က မြောက်ဒဂုံ ၄၀ ရပ်ကွက် တပင်ရွှေထီးလမ်းက ဈေးမှာ ကိုနန်းလင်း ဦးဆောင် တဲ့ သပိတ်အင်အားစု တချို့ လာရောက် ဆန္ဒပြခဲ့ပြီးနောက် နိုဝင်ဘာ ၂၆ ရက်မှာ အဲဒီဈေးကို စစ်ကောင်စီက ဖျက်ဆီးခဲ့ပါတယ်။