ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွက် ခြေလျင်၊ ခြေမြန်တပ်ရင်းတွေကို စေလွှတ်ရတဲ့အတွက် စစ်ကောင်စီက နောက်တန်းမှာ ကျန်ရစ်ခဲ့တဲ့ အရာရှိ၊ စစ်သည်တွေရဲ့ ဇနီးတွေကို စစ်သင်တန်းပေးနေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
"ရှေ့တန်းကို ထွက်တာများတော့ နောက်တန်းမှာ အသက်အရွယ်ကြီးတဲ့ စစ်သားကြီးတွေနဲ့ မိန်းမတွေ ကလေးတွေပဲ ကျန်ခဲ့တယ်။ ဒါကြောင့် ရန်သူက လာတိုက်ရင် ပြန်ခုခံလို့ရအောင် သေနတ်ပစ်တာတို့၊ စစ်ရေးဗျူဟာတွေ ကျွမ်းကျင်အောင် သင်ပေးတာ၊ လက်တလောစစ်သင် တန်းပေးတာ တပ်ရင်းတပ်ဖွဲ့ ၂၀ ကျော်ပြီ။"
တချို့အရာရှိစစ်သည်တွေရဲ့ မိသားစုဝင်တွေဟာ တပ်တွင်းမှာ မနေထိုင်တော့ဘဲ မိဘတွေရှိရာ နေရာကို ပြန်လည်သွားရောက်နေထိုင်ကြတယ်လို့ မိတ္တီလာအခြေစိုက် အမှတ် ၁၁၃ မှ စစ်သည်တဦးရဲ့ ဇနီးဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
"ခမရ ၁၁၃ မှာ ရှေ့တန်းပါသွားပြီး သေကြတာအများကြီးပဲ။ တပ်ရင်းထဲမှာ အရာရှိ ကတော်တွေက မိဘတွေဆီပြန်နေတယ်၊ စစ်သည်တွေရဲ့ မိန်းမတွေကတော့ ရန်သူလာတိုက်ရင် ပြေးရင်ပြေး၊ မပြေးရင်သေ ဆိုတဲ့ သဘော စစ်သင်တန်းပေးတာ၊ နိုဝင်ဘာလထဲမှာ ပေးတာ။" လို့ ပြောပါတယ်။
ဒီလို အရာရှိစစ်သည်တွေရဲ့ ဇနီးတွေကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေပေမဲ့ တဘက်မှာ စိုက်ပျိုးရေး၊ တပ်တွင်းသန့်ရှင်းရေးနဲ့ လုံခြုံရေးတွေလည်း တာဝန်ယူနေရလို့ စစ်သင်တန်းဟာ တကယ်တမ်း ထိရောက်မှု မရှိဘူးလို့ နောက်တန်းမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေမှာ သေဆုံးသူများပြားလို့ တပ်သားသစ်စုဆောင်းရာမှာ သိန်း ၃၀ အထိ မက်လုံးပေးခေါ်နေပေမဲ့ တပ်ထဲ တက်သူမရှိသလောက်ဖြစ်နေတယ်လို့ စစ်သားစုဆောင်ရေးတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။