မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက ဆီတင်ကားတစီး တိမ်းမှောက်မီးလောင်ခဲ့ပြီး ပဲခူးတိုင်း၊ ပဲခူးမြို့မှာလည်း ဆီတင်ကားတစီး တိမ်းမှောက်ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ရန်ကုန်ကနေ မြစ်ကြီးနားကို ထွက်ခွာလာတဲ့ လောင်စာဆီတင်ကားဟာ ကျောက်ဆည်မြို့ရှောင်လမ်းမှာ မနက် ၈ နာရီလောက်က လမ်းချော်စလစ်ဖြစ်ပြီး နောက်တွဲပြုတ်ကျကာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။
ကျောက်ဆည်မြို့ခံတဦးက “မြို့ရှောင်လမ်းမှာ ဆီဘောက်ဆာက စလစ်ဖြစ်ပြီး နောက်တွဲက ပြုတ်သွားတာ။ ပြီးမှ မီးလောင်တာ။ ကားသမားတော့ ဒဏ်ရာရသွားတယ်။ ကားကတော့ အရိုးပဲကျန်တော့တယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ဆီဂါလံ ၇,၀၀၀ ကျော်တင်လာတဲ့ ကားတစီးလုံး ပျက်စီးဆုံးရှုံးသွားပြီး ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါတယ်။
မီးလောင်မှုနေရာကို ကျောက်ဆည်ခရိုင်/မြို့နယ်မီးသတ်၊ စဉ့်ကိုင်မြို့နယ်မီးသတ်၊ တံတားဦးမြို့နယ်မီးသတ်တို့က မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၆ စီးနဲ့ ငြှိမ်းသတ်ခဲ့ကြပြီး မနက် ၉ နာရီခွဲလောက်မှာ မီးငြိမ်းသွားပါတယ်။
ပဲခူးမြို့၊ နန်းတော်ကုန်းကျေးရွာအနီး၊ ပဲခူးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် ၃၃/၄ ရှိ ဝင်းစတား ဆီဆိုင်ရှေ့မှာ မနက် ၉ နာရီ ၃၅ မိနစ်လောက်က ဆီဘောက်ဆာကား ၂ စီး ချိတ်မိပြီး တစီးတိမ်းမှောက်ကာ ယာဉ်မောင်းနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပဲခူးမြို့ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ကားသမားက ခြေထောက်ခေါက်ဒဏ်ရာ၊ ဘေးက သူ့အမျိုးသမီးက နဖူးပေါက်ဒဏ်ရာ ရသွားတယ်။ သူတို့ပြောတာတော့ ကားကားချင်း ချိတ်မိရင်း ဆိုင်ရှေ့မှာ မှောက်သွားတာ။ မီးလောင်မှုတော့ မဖြစ်ပါဘူး” လို့ ပြောပါတယ်။
အဆိုပါနေရာကို ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပဲခူးနယ်မြေမီးသတ်စခန်းတို့က မီးငြှိမ်းသတ်ယာဉ် ၄ စီးနဲ့ မီးလောင်မှုမဖြစ်စေဖို့ ပြုလုပ်ခဲ့ကြတယ်လို့ သိရပြီး အဆိုပါကားဟာ ရန်ကုန် သီလဝါကနေ မော်လမြိုင်ကို ဒီဇယ်ဆီသွားပို့မယ့်ကား ဖြစ်တယ်လို့ သိရပါတယ်။