ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက မီးတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက မိုင်းနင်းမိပြီး ညာဘက်ခြေချင်းဝတ်ပြတ်ကာ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း ကျေးရွာဒေသခံတွေထံက သိရပါတယ်။
မိုင်းနင်းမိတဲ့ မီးတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ အသက် ၄၀ နှစ်အရွယ် ဦးမောင်သာထွန်း ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ငါးဖမ်းပြီး ပြန်လာကြစဉ် မိုင်းနင်းမိခဲ့တာပါ။
မျက်မြင် မီးတိုက်ကျေးရွာသားတဦးက “အုပ်ချုပ်ရေးမှူးနဲ့ နောက် ရွာသား ၃ ဦးက ချောင်းမှာ ငါးသွားရှာကြတာ။ ရွာကိုပြန်လာတဲ့အခါ ရွာသားတွေက လမ်းတခုလာတယ်။ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်စခန်းဘက်က လာတာ။ နယ်ခြားစောင့်စခန်းအနီးမှာ ထောင်ထားတဲ့မိုင်းကို တိုက်ရိုက်နင်းမိသွားတာ၊ ညာဘက်ခြေချင်းဝတ် ပြတ်သွားတယ်။ ခန္ဓာကိုယ်တခုလုံး မိုင်းစတွေ မှန်သွားတယ်” လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့နေရာမှာ မီးတိုက်ကျေးရွာ နယ်ခြားစောင့်ရဲစခန်းအနီးဖြစ်ပြီး အဲဒီစခန်းက တပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၁၄ ရက်က ရက္ခိုင့်တပ်တော် (အေအေ) ဝင်ရောက်တိုက်ခိုက်မှုကြောင့် စခန်းစွန့်ခွာသွားခဲ့ကြရာ စခန်းအနီး ထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိခဲ့တာပါ။
“စခန်းကျဆုံးပြီး သူတို့တပ်တွေ နောက်ဆုတ်တဲ့အချိန်မှာ ထောင်ထားခဲ့ကြတဲ့မိုင်း ဖြစ်နိုင်ပါတယ်။ နောက်ထပ်လည်း ရှိနိုင်ပါသေးတယ်။”
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်က စတင်ကာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။