တရုတ်တိုက်လေယာဉ် ၁၂ စင်းနဲ့ သံသယဖြစ်စရာ ရာသီဥတု မိုးပျံပူဖောင်းတလုံးတို့ဟာ ရေလက်ကြားရဲ့ ထိလွယ်ရှလွယ် ကြားခံအလယ်မျဉ်းကို ဖြတ်ကျော်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် တလလောက်အလိုမှာ တင်းမာမှုတွေ ထပ်မြင့်တက်နေတဲ့ကြားကပဲ အခုလို တရုတ်တိုက်လေယာဉ်တွေ ဖြတ်ကျော်ပျံသန်းသွားတာပါ။
အဲဒီပူဖောင်းကို ထိုင်ဝမ်မြောက်ပိုင်းရှိ ကီလန်းင်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၀၁ မိုင်အကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အရှေ့ဘက်ကို တနာရီလောက် ခရီးနှင်ပြီးမှ ရေလက်ကြားကိုဖြတ်ကာ ပျောက်ကွယ်သွားတာလို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဟာ ကျွန်းအနီးရှိ ရန်သူ့အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ချူးကိုချန်းက ပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးဟာ ထိုင်ဝမ်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုကို ဗြောင်ကျကျ လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက သောကြာနေ့က သီးခြားကျင်းပတဲ့ အခမ်းအနားမှာ မိန့်ခွန်းပြောသွားပါတယ်။
ထိုင်ဝမ်ဟာ ဇန်နဝါရီ ၁၃ ရက် ရွေးကောက်ပွဲမတိုင်ခင် တရုတ်ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေအတွက် ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံက လိုလားနှစ်သက်တဲ့ ကိုယ်စားလှယ်လောင်း မဲရရှိရေးအတွက် ပေကျင်းက ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုအဖြစ် တိုင်ပေက ရှုမြင်ထားပါတယ်။
Source/Photo-Reuters