စားသုံးဆီကို ကုမ္ပဏီတွေကတဆင့် ပြန်လည်ဝယ်ယူ ရောင်းချနေသူတွေဟာ ဈေးမကစားဖို့နဲ့ သိုလှောင်ထားတာတွေကို မလုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာ ဦးစီးဌာနထံမှာ ခံဝန်ကတိလက်မှတ် ရေးထိုးပေးပို့ရမယ်လို့ ဆီရောင်းချနေသူတွေထံက သိရပါတယ်။
ရန်ကုန်မှာရှိတဲ့ စားသုံးဆီ ပြန်လည်ရောင်းချနေတဲ့ ကိုယ်စားလှယ်ဆိုင်တွေရဲ့ ဆိုင်ပိုင်ရှင်တွေ အနေနဲ့ ကုမ္ပဏီတွေက ရောင်းချတဲ့ဈေးနှုန်း၊ ပြန်လည်ရောင်းချတဲ့ ဈေးနှုန်းတွေကို တင်ပြပေးရမှာဖြစ်ပြီး ဈေးကစားတာတွေ၊ သိုလှောင်တာတွေ မလုပ်ဖို့အတွက် ခံဝန်ကတိစာရွက်တွေမှာ လက်မှတ်ရေးထိုးပြီး နေ့စဉ်ဆိုသလို စားသုံးသူရေးရာဦးစီးဌာနကို တင်ပြရမှာလို့ဆိုပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ဆန်နဲ့ဆီရောင်းဝယ်သူတဦးက “ကျမတို့က စားသုံးဆီ မရောင်းတော့ဘူး၊ ပါကင်ဘူးပဲ ရောင်းတော့တယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီနဲ့ စစ်တပ် ပေါင်းလုပ်စားပြီး တပိုင်တနိုင် လုပ်ငန်းရှင်လေးတွေကို ထောင်ထဲထည့်ချင်တဲ့ပုံစံမျိုး။ လက်ရှိ ရည်ညွှန်းဈေးက ၄,၉၀၀ ကျော်လို့ သတ်မှတ်တယ်။ အဲ့ဒီဈေးနဲ့လိုချင်ရင် တနေကုန် တန်းစီရမယ်။ တန်းမစီချင်ရင် ၇,၀၀၀ နဲ့ ရောင်းပေးတယ်။ လိုသလောက်ရတယ်။ ကျမတို့မှာ သယ်ယူခလည်းရှိတယ်။ အနည်းဆုံး ၇,၀၀၀ ကျော် ရောင်းမှရမယ်။ အဲ့ဒီလိုဆို အဖမ်းခံရမယ်။ အဲ့ဒါကြောင့် မရောင်းတော့တာ” လို့ ပြောပါတယ်။
စားသုံးဆီတွေကို ကုမ္ပဏီတွေအပြင် စစ်တပ်ကလည်း ခွဲတမ်းရရှိနေပြီး စစ်တပ်က ပြန်လည်ရောင်းချပေးနေတဲ့ ဈေးနှုန်းကတော့ တပိဿာကို ၆,၅၀၀ အထိ ရှိတယ်လို့လည်း သိရပါတယ်။
လတ်တလောမှာ စာအုန်းဆီ လက်ကားရည်ညွှန်းစျေးဟာ ၄,၉၂၀ ဖြစ်ပေမဲ့ ဘုရင့်နောင်စျေးကွက်မှာ ၇,၂၀၀ အထိ ဈေးပေါက်နေတဲ့အတွက် စျေးတင် ပြန်လည်ရောင်းချဖို့ မဖြစ်နိုင်တာကြောင့် ရယ်ဒီမိတ်ဆီဘူးတွေကိုပဲ ရောင်းချနေရတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ အခြေခံလူတန်းစားတွေ ဝယ်ယူသုံးစွဲနေရတဲ့ စားသုံးဆီကို ရပ်ကွက်ဈေးတွေနဲ့ အိမ်ဆိုင်တွေမှာတော့ တပိဿာကို ကျပ် ၈,၀၀၀ နဲ့ ရောင်းချနေတာဖြစ်ပြီး ဆီဒိုင်၊ ဆီကိုယ်စားလှယ်တွေကတော့ တပိဿာကို ကျပ် ၇,၀၀၀ ကျော်နဲ့ ရောင်းချနေပါတယ်။