ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၂၉ ဦး လုပ်ငန်းခွင်အတွင်း အလုပ်ပုံမှန်မဆင်းရတာ၊ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ဘဏ်ကတ် အသိမ်းခံရတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာအမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဟာ မြန်မာနိုင်ငံမှ Pyae Paing Hmuu ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဘန်ကောက်မြို့ကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။
ဘန်ကောက်မြို့ရောက်ရှိပြီးမှ ကုမ္ပဏီကိုယ်စားလှယ်က Demand ပျက်ကြောင်းပြောပြီး လယောင်မြို့ကို ရွှေ့ပြောင်းခဲ့ပေမဲ့ အလုပ်မလုပ်ရတဲ့အတွက် အလုပ်ဆိုက်တခုကို ထပ်မံရွှေ့ပြောင်းခဲ့ပါတယ်။
ဒီအချိန်မှာဧည့်စာရင်းတိုင်မယ်ဆိုပြီး စာရွက်စာတမ်း အထောက်အထားတွေနဲ့ ဘဏ်ကတ်တွေကို တောင်းယူကာ ပြန်မပေးတော့တဲ့အတွက် အလုပ်သမားတွေက WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။
WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ဘန်ကောက်မှာ သူတို့က တပတ်လောက်နေပြီး လရောင်မြို့ကို ပြောင်းခဲ့ပေမဲ့ အလုပ်လုပ်ရ မလုပ်ရ ဖြစ်တဲ့အတွက် တခြားဆိုက်ကို ပြောင်းတဲ့အချိန် အထောက်အထားတွေ သိမ်းလိုက်တာ။ ဘဏ်ကတ်လည်းသိမ်းပြီး ပတ်စ်ပို့ပါ သူတို့က တောင်းထားတာ။ သူတို့က အစ်ကိုတို့ကို အကူအညီတောင်းလို့ ကူညီပေးနေတာပါ။ ခုလက်ရှိ သူတို့အေးဂျင့်က အလုပ်ထဲတော့ ပြန်ခေါ်သွားပါပြီ” လို့ ပြောပါတယ်။
မြန်မာအလုပ်သမား ၂၉ ဦး အလုပ်ပုံမှန်မဆင်းရတာ၊ စာရွက်စာတမ်းနဲ့ ဘဏ်ကတ် အသိမ်းခံရတာ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ပေးနေတယ်လို့ သူကဆက်ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဒီဇင်ဘာ ၁ ရက်က မြန်မာအလုပ်သမား ၁၈ ဦးဟာ လုပ်အားခမရတဲ့အပြင် အလုပ်ကပါ နှင်ထုတ်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။