မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ ဂျပန်အစိုးရကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အာရှ-ပစိဖိတ်လေ့လာရေးဌာန၊ အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)၊ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်က တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်ဟာ ဒီဇင်ဘာ ၈ ရက်မနက်က ဂျပန်လွှတ်တော်ရုံးမှာကျင်းပတဲ့ မြန်မာ့အရေးကြားနာပွဲမှာ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေ၊ ရှေ့အလားအလာ၊ အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးဆိုင်ရာ မူဝါဒတွေနဲ့ စပ်လျဉ်းပြီးပြောကြားခဲ့သလို မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တားဆီးကာကွယ်ပေးဖို့ အပါအဝင် လူသားချင်း စာနာထောက်ပံ့မှုတွေပေးဖို့ ဂျပန်အစိုးရကို တောင်းဆိုခဲ့တာပါ။
လွှတ်တော်တွင်း ကြားနာပွဲကို ဂျပန်လွှတ်တော်အမတ်တွေ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ ဂျပန်မီဒီယာတွေ၊ မြန်မာ့အရေးကို အားပေးထောက်ခံတဲ့ ဂျပန်လူမျိုးတွေနဲ့ ဂျပန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားလူမျိုးတွေ တက်ရောက်ခဲ့ကြပြီး သိလိုတဲ့မေးခွန်းတွေကို ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်နဲ့ ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။
စစ်ကောင်စီကို တော်လှန်နေတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေး ကာကွယ်ပေးရေးနဲ့ လုံခြုံမှုရရှိစေရေး၊ လူသားချင်းစာနာမှု အထောက်အပံ့တွေပေးဖို့နဲ့ အပြစ်မဲ့ မြန်မာတိုင်းရင်းသား ပြည်သူတွေကို စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုမှ အကာအကွယ်ရနိုင်ရေး နည်းပညာမြင့်မားတဲ့ ဂျပန်နိုင်ငံအနေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ပေးပို့ထောက်ပံ့စေလိုကြောင်း၊ အဆိုပါ ထောက်ပံ့မှုကြောင့် စစ်ဘေးရှောင်ဒေသနဲ့ မြန်မာပြည်သူတွေကို အသက်ဘေးမှ ကာကွယ်ပေးရာ ရောက်တယ်လို့ ဂျပန်လွှတ်တော်တွင်း ကြားနာပွဲမှာ ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ဂျပန်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ မကြာခင် ဇာတ်သိမ်းပိုင်းရောက်မှာ ဖြစ်တယ်လို့ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ကြားနာပွဲအတွင်း အထောက်အထား အချက်အလက်တွေနဲ့ ရှင်းလင်းဟောပြောခဲ့ပြီး ဂျပန်နိုင်ငံ ရောက်ရှိနေစဉ် ဂျပန်ရောက် မြန်မာနိုင်ငံ တိုင်းရင်းသားတွေနဲ့ အိုဆာကာမြို့၊ တိုကျိုမြို့တွေမှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။