ရန်ကုန်မြို့မှာ လောင်စာဆီရှားပါးပြတ်လပ်နေချိန် ဗဟန်းမြို့နယ်၊ ဦးဝိစာရလမ်း Denko ဆီဆိုင်မှာ ဒီဇင်ဘာ ၇ ရက် မနေ့ ည ၁၁ နာရီလောက်က ဓာတ်ဆီတန်းစီသူနဲ့ ဆိုင်မန်နေဂျာ၊ ဝန်ထမ်းတွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့သူတွေဆီက သိရပါတယ်။
မနေ့ညက Denko ဆီဆိုင်မှာ ဆီတန်းစီသူတွေက စောင့်ဆိုင်းခဲ့ကြပြီး ည ၁၀ နာရီကျော်မှာ ဆီဆိုင်က ဆိုင်ပိတ်ကြောင်းကြေညာခဲ့ရာကနေ ဆီတန်းစီသူနှစ်ဦးနဲ့ ဆိုင်ဝန်ထမ်းတွေ စကားများ ရန်ဖြစ်ရာက ထိုးကြိတ်တဲ့အဆင့်ထိဖြစ်ခဲ့တာလို့ ဆီတန်းစီသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"တယောက်တခွန်းစကားများရာကနေ ဆဲကြဆိုကြရင်း မန်နေဂျာနဲ့ ဝန်ထမ်းတွေက အမျိုးသားတယောက်ကို ဝိုင်းထိုးတယ်။ ဘေးမှာရှိနေတဲ့ သူတွေ ဝိုင်းပြီးဖြန်ဖြေမှ ပွဲပြီးသွားတယ်။”
အခုလိုဖြစ်ရတာဟာ ပြည်တွင်းမှာ စက်သုံးဆီလုံ လောက်စွာမရလို့ ဆီဆိုင်တွေမှာ ဆီမရပါက ပြင်ပမှာ တလီတာကို ကျပ် ၄၅၀၀ နဲ့ ဝယ်ယူသုံးစွဲရမှာစိုးလို့ စိုးရိမ်စိတ် ရန်ပွဲတွေဖြစ်လာတာလို့ လုပ်ငန်းရှင်တဦးက သုံးသပ် ပြောဆိုပါတယ်။
Denko ဆီဆိုင်နဲ့နီးစပ် သူတဦးက “ဝန်ထမ်းတွေလည်း တက်နိုင်သလောက်ရောင်းပေးနေတာပဲ။ မနက်လည်း ပြန်ရောင်းပေးတာပဲ။ ဆဲဆိုတာတော့ မကောင်းဘူးပေါ့"လို့ ပြောပါတယ်။
တိုင်းပြည်အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် လတ်တလော နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီတွေ ရှားပါးပြတ်လပ်နေပြီး ပြည်သူတွေတန်းစီ တိုးဝှေ့ဝယ်ယူနေကြရကာ ပြင်ပဆိုင်တွေမှာလည်း တလီတာ ကျပ် ၄၅၀၀ အထိ မြင့်တက်နေတယ်လို့ ဝယ်ယူသုံးသွဲနေသူတွေဆီက သိရပါတယ်။