စစ်ကောင်စီက စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းတွေကို ဒီဇင်ဘာ ၈ ရက်နေ့မှာ ဈေးချ သတ်မှတ်လိုက်ပေမဲ့ ဆီဆိုင်အများစုက အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ခံတဦးက “ဆီစျေးတော့ကျတယ်။ ဒါပေမဲ့ လိုချင်သလောက်တော့ ဝယ်မရသေးဘူး။ သုံးသောင်းဖိုးပဲ ရခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီသတ်မှတ်တဲ့ ဒီဇင်ဘာ ၈ ရက် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ အောက်တိန်း ၉၂ တလီတာကို ကျပ် ၂,၄၆၅၊ ၉၅ တလီတာကို ကျပ် ၂,၅၇၅၊ ဒီဇယ်တလီတာကို ကျပ် ၂,၂၁၅၊ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၂,၂၇၀ ဖြစ်ပြီး ၉၂ ဓာတ်ဆီ တလီတာကို ၄၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၃၅ ကျပ် အသီးသီး ပြန်ကျဆင်းလာပါတယ်။
အဲဒီဈေးနှုန်းတွေက ရန်ကုန် လက်လီဈေးကွက်အတွက် သတ်မှတ်ပေးတဲ့ စျေးနှုန်းတွေ ဖြစ်ပြီး နယ်မြို့တွေမှာတော့ သယ်ယူပို့ဆောင်စရိတ်ကြောင့် ဒီဈေးနှုန်းတွေထက် ပိုများပေမဲ့ တချို့မြို့တွေမှာ ဆီပြတ်လပ်ပြီး ဝယ်ယူရခက်တာကြောင့် မှောင်ခိုဈေးနှုန်းတွေနဲ့ ဝယ်ယူသုံးစွဲနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီကတော့ ပြည်တွင်းသုံးစွဲဖို့ စက်သုံးဆီ အလုံအလောက်ရှိပြီး ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီသယ်ယာဉ်တွေနဲ့ နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်း ဖြူးပေးနေတယ်လို့ ထုတ်ပြန်ချက်ထုတ် အသိပေးထားပါတယ်။
ဒါ့အပြင် ပြည်ပကနေ ဆီတင်သင်္ဘာ ၁၀ စီး ပင်လယ်ဝမှာ ရောက်ရှိနေကြောင်း၊ သီလဝါမှာလည်း ဆီတင်သင်္ဘာ သုံးစီး စောင့်ဆိုင်းနေပြီး သက်ဆိုင်ရာ Terminal တွေကို အချိန်နဲ့တပြေးညီ ဖြည့်တင်းနိုင်ဖို့ စီမံနေတာဖြစ်လို့ စိုးရိမ်ပြီး လိုအပ်တာထက် ပိုမဝယ်ကြဖို့လည်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းအထိ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် တို့လို မြို့ကြီးတွေက စက်သုံးဆီအရောင်းဆိုင် အများစုမှာပါ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဆီသုံးစွဲသူတွေဟာ နေ့ရောညပါ ဆီရရှိဖို့အတွက် တန်းစီ စောင့်ဆိုင်းနေကြရပါတယ်။
ရန်ကုန်မြို့ခံတဦးက “သူတို့ကတော့ ဆီအလုံအလောက်ရှိတယ် ပြောတာပဲ။ မြေပြင်မှာကျ ဆီရဖို့ကို တန်းစီနေရတုန်းပဲ။ လိုချင်သလောက်လည်း ဝယ်လို့မရသေးဘူး။ ညကတည်းက ဆီရဖို့ စောင့်နေတာ သုံးသောင်းဖိုးပဲရခဲ့တယ်” လို့ ဒီကနေ့မနက်ပိုင်းက ပြောပါတယ်။
လက်ရှိမှာ ဗဟိုဘဏ်ရဲ့ ဒေါ်လာငွေလဲနှုန်း မူဝါဒ အပြောင်းအလဲအပြီး မြန်မာပြည်တွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်လာပေမဲ့ စင်ကာပူရဲ့ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း MOPS ဈေးကတော့ ပြန်ကျဆင်းနေတာ တွေ့ရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်မှုကို နှစ်ချီ ထိန်းချုပ်ပြီး online trading ငွေလဲနှုန်းကို အရင် ၂,၉၂၀ နှုန်းထား သတ်မှတ်ထားရာကနေ Market rate အတိုင်း ဒီဇင်ဘာ ၅ ရက်ကစပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုလိုက်တာပါ။
အဲဒီလိုပဲ နောက်ထပ် ဖြေလျှော့မှုဆိုပြီး အရင်က ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေ ထက်ဝက်ကို ၂,၁၀၀ ဈေးနဲ့ စကစဆီ မဖြစ်မနေ ရောင်းခိုင်းနေရာကနေ ၃၅ ရာခိုင်နှုန်းကိုပဲ ရောင်းဖို့ ဒီရက်ပိုင်းမှာပဲ ကြေညာလာပါတယ်။
ဒီလိုဆောင်ရွက်မှုက စက်သုံးဆီ အပါအဝင် import ကဏ္ဍမှာ ရည်တို သက်ရောက်မှု ရှိနိုင်တယ်လို့ စကစ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။
“ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာဖို့၊ ပြီးရင် ထုတ်ကုန်ပစ္စည်းများ ပို့ကုန် တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက်သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှု အနည်းငယ် ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရရင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲ ဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီ တင်သွင်းရမယ့် လိုအပ်တဲ့ပမာဏ ကျနော်တို့နိုင်ငံမှာ တင်သွင်းဖို့ အတွက် အသင့်ရှိပါတယ်။ တင်သွင်းဖို့အတွက် ရောက်ရှိနေတဲ့ သင်္ဘောများလည်း ရှိပြီးဖြစ်ပါတယ်” လို့ ပြောဆိုခဲ့တာပါ။
စစ်ကောင်စီ ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်နေ့ကစလို့ ဒေါ်လာငွေလဲနှုန်း ထိန်းချုပ်မှုကို ဖြေလျှော့အပြီးမှာတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းထား မြင့်တက်လာပြီး ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ တဒေါ်လာကို ၃,၆၀၀ ကျပ် အထက်ထိ ပြင်ပေဈးကွက်မှာ အရောင်းအဝယ် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ 92 Ron တစည်ကို ၈၉ ဒသမ ၄၂ ဒေါ်လာ၊ 95 Ron က ၉၄ ဒသမ ၃၅ ဒေါ်လာ၊ 10 PPM တစည်ကို ၁၀၂ ဒသမ ၄၀ ဒေါ်လာ အသီးသီးရှိခဲ့ပြီး သီတင်းပတ် တပတ်အကြာ ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ 92 Ron က တစည်ကို ၈၄ ဒသမ ၆၀ ဒေါ်လာ၊ 95 Ron က ၈၈ ဒသမ ၆၁ ဒေါ်လာ၊ 10 PPM က ၉၇ ဒသမ ၄၈ ဒေါ်လာကို ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။