စစ်ကောင်စီအဓိကအုပ်ချုပ်ရာ နေပြည်တော်မှာလည်း စက်သုံးဆီပြတ်လပ်တာ ၃ ရက်လောက် ရှိနေပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စက်သုံးဆီ အထူးသဖြင့် ဓာတ်ဆီတွေ ဈေးတက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်း စက်သုံးဆီ ပြတ်တောက်မှုတွေ ဖြစ်ပွားနေရာ နေပြည်တော်လည်း အပါအဝင် ဖြစ်နေပါတယ်။
နေပြည်တော်အတွင်း နေထိုင်သူတဦးက “ဆီဆိုင်အသေးတွေဆို ပိတ်ထားကြတယ်။ ဆီဝယ်လို့မရလို့တဲ့။ တချို့ ဆီပန့်အကြီးတွေဆိုလည်း ပိတ်ထားတာပါပဲ။ ဆီကားဝင်လာပြီဆိုရင်လည်း တန်းစီရတာ တမေ့တမော။ ပြီး ကားဆိုရင် 92 ကို တသောင်းဖိုး၊ ဆိုင်ကယ်ဆို နှစ်ထောင်ဖိုး၊ သုံးထောင်ဖိုးပဲရတယ်” လို့ ပြောပါတယ်။
စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆီတွေ အလုံအလောက် ဖြန့်ဖြူးပေးထားတဲ့အတွက် ပြတ်တောက်မှု မရှိနိုင်ကြောင်း ပင်လယ်ဝမှာ ဆီတင်သင်္ဘာတွေ တန်းစီနေကြောင်း ပြောနေပေမဲ့လည်း နေပြည်တော်မှာတောင် စက်သုံးဆီရရှိဖို့အတွက် ခက်ခဲနေတာ ဖြစ်ပါတယ်။
“ဒီမှာက ဓာတ်ဆီတင်မဟုတ်ဘူး၊ ဒီဇယ်တွေပါ ဝယ်မရတော့တာ။ တချို့ ဓာတ်ဆီရောင်းပေးတဲ့ ဆိုင်တွေရှိတယ်၊ တလီတာကို ၅,၀၀၀ လောက်နဲ့။ ဈေးက နှစ်ဆလောက် တက်တာပေါ့။ ဒါပေမဲ့လည်း လိုတဲ့သူတွေကတော့ ဝယ်ရတာပါပဲ” လို့လည်း အဆိုပါ နေပြည်တော်ဒေသခံက ပြောပါတယ်။
နေပြည်တော်အတွင်း စက်သုံးဆီဝယ်ယူရရှိမှု ခက်ခဲနေတဲ့အတွက် ဆီရရှိဖို့ တန်းစီစောင့်ဆိုင်းနေကြသူတွေရှိသလို လူမှုကွန်ရက်တွေပေါ်မှာလည်း အချင်းချင်း ဆက်သွယ်ကြပြီး ဆီဝယ်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။