စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းအမျိုးသမီးတွေဟာ စားဖို့သောက်ဖို့အတွက် ထင်းခြောက်တွေကောက်ပြီး ချက်ကြပြုတ်ကြပါတယ်။
ဂါဇာမြောက်ပိုင်း နေအိမ်ကနေ ထွက်ပြေးလာပြီး ဒီယာအယ်လ်ဘာလားက အိုးအိမ်မဲ့စခန်းကို ရောက်ရှိလာတဲ့ အမီနာဒဝါရီရှာဟာ ထင်းခြောက်တွေ လိုက်ရှာကောက်ကာ တခြားအမျိုးသမီးတွေနဲ့အတူ စားဖို့သောက်ဖို့အတွက် ချက်ပြုတ် ပြင်ဆင်နေပါတယ်။
ဒီယာအယ်လ်ဘာလားက အိုးအိမ်မဲ့စခန်းမှာ နေထိုင်သူ အမီနာဒဝါရီရှာက “ကျမမှာ ငွေမရှိတဲ့အချိန်၊ ကျမကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ဝင်ငွေမရှာနိုင်တဲ့အချိန်မှာ ကျမ ခုလို စလုပ်ဖြစ်ခဲ့တာပါ။ လူတွေက ကျမဆီကို လာကြတယ်။ ကျမ ချက်ပြုတ်ပြင်ဆင်ပြီးတာနဲ့ ဒီမှာပဲ သူတို့ ဆက်ပြီး ချက်လို့ပြုတ်လို့ရပြီ၊ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။
စခန်းထဲက တခြားအမျိုးသမီးတွေကလည်း ဝိုင်းထိုင်ပြီး ဂျုံနယ်နေကြရင်း ဒဝါရှီရာရဲ့ အိုးကင်းမီးဖိုမှာ မုန့်ဖုတ်ဖို့ ပြင်ဆင်နေကြပါတယ်။
အမီနာဒဝါရီရှာက “ပေါင်မု့န်ဖုတ်တယ်၊ ဂျုံနဲ့လုပ်တဲ့ မုန့်ညက်တွေ၊ ဆာ့ဂျ်ဂျုံပြားမုန့်တွေ ကျမဖုတ်ပါတယ်။ လမ်းပေါ်က သစ်တိုသစ်စ ထင်းခြောက်စတွေ လိုက်ကောက်ပြီး ကျမ မီးမွှေးပါတယ်။ မိုးထဲရေထဲမှာ၊ ဗုံးကြဲနေတဲ့ အချိန်မှာနဲ့ ရွှေ့ပြောင်းပြေးရတဲ့ အခါမျိုးမှာလည်း ထင်းရှာပြီး ကောက်ရပါတယ်။ ကျမ ဘယ်လိုလုပ်ရတယ်ဆိုတာ အလ္လာအရှင် သိပါတယ်။ ခေါင်းပေါ်ကနေ ဗုံးတွေကြဲနေတာ၊ ကျရောက်ပေါက်ကွဲနေတာတွေကို မျက်မြင်ကိုယ်တွေ့ မြင်နေရပါတယ်။ ကလေးတွေ စားဖို့သောက်ဖို့က ရှိသေးတော့ ဗုံးတွေကြဲနေတဲ့ကြားက ထင်းခြောက်လိုက်ကောက်ရတာပါ။ ဂါဇာက ပြောင်းလာတဲ့သူအားလုံး ဒီလိုဒုက္ခတွေ ကြုံရပါတယ်” လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံတောင်ပိုင်းက မြို့တွေကို ဝင်ရောက်တိုက်ခိုက်တဲ့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို အစ္စရေးဘက်က လက်တုံ့ပြန်တဲ့အချိန်ကစပြီး ဂါဇာကမ်းမြောင်ဒေသ လူဦးရေ ၂ ဒသမ ၃ သန်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ အိုးအိမ်မဲ့ဖြစ်ခဲ့ကြပြီး သူတို့အထဲက အများစုဟာ ဂါဇာတောင်ပိုင်းက မြို့တွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဘိတ်တ်ဟနူးက ရွှေ့ပြောင်းလာသူ ဟနင်ဟမက်က “စစ်ပွဲဖြစ်စနေ့မှာပဲ ဂျဘာလီယာစခန်းထဲက စာသင်ကျောင်းတွေဆီကို ပြောင်းလာလိုက်တယ်။ ရောက်ရောက်ချင်းပဲ စာသင်ကျောင်းကို သူတို့ ပစ်မှတ်ထားနေတယ်လို့ ပြောတာနဲ့ ခန်းယွန်နစ်စ်ကို ထပ်ပြေးရပြန်ရော။ အခု ဒီနေရာက ကျမတို့ ခိုလှုံနေတဲ့နေရာပါ။ ပေါင်မုန့်ဖုတ်ချင်တယ်။ မုန့်ဆိုင်တွေကို သွားမေးရင် မရှိတော့ဘူးလို့ ပြောကြတယ်။ ကျမတို့ ဆန္ဒပြကြတော့ သူတို့က ဂျုံမှုန့်တွေ ထုတ်ပေးတယ်။ သူ့ချည်းပဲ ဘာလုပ်လို့ရမလဲ။ နေ့တိုင်းပဲ နေရာအနှံ့သွားရင်း မုန့်ဖုတ်လို့ရတဲ့နေရာကို ရှာပြီး ကျမကလေးတွေအတွက် မုန့်ဖုတ်ရတယ်။ ကျမတို့ရဲ့ နေ့စဉ်ကြုံရတာတွေပါ။ ရေမရှိ၊ မီးမရှိ၊ စားစရာ သောက်စရာလည်း မရှိဘူး။ တဲထဲမှာထားပြီး ညှဉ်းပန်းနှိပ်စက်ခံနေသလိုပဲ။ ငါးရက် ခြောက်ရက်လောက်ကြာမှ တခါ စားစရာအထုပ်တထုပ်ပေးတာ” လို့ ပြောပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုကို ရင်ဆိုင်နေရတဲ့ ဂါဇာဒေသခံတွေဟာ ရိုးရာပဲဟင်းပူပူ သောက်ရင်း စိတ်ဖြေရာရှာဖွေကြပါတယ်။
ခန်းယွန်နစ်စ်မြို့ နက်ဆာကျန်းမာရေးဆေးခန်းနားက ယာယီတဲတွေမှာ နေထိုင်ကြတဲ့ ဂါဇာ မြောက်ပိုင်းက အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသူတွေကို ကျွေးမွေးဖို့အတွက် စေတနာ့ဝန်ထမ်း ကူညီသူတွေဟာ ထင်းမီးဖိုပေါ်မှာအိုးကြီးတွေတင်ပြီး ရိုးရာပဲဟင်းချိုချက်ပြုတ်ပြင်ဆင်နေပါတယ်။
ရွှေ့ပြောင်းနေထိုင်သူနဲ့အစားအသောက်ကြီးကြပ်စီစဉ်သူ ဟူစိတ်အဘူရာမာဒန်က “ပဲဟင်းချိုက ပါလက်စတိုင်းတွေရဲ့ ရိုးရာဟင်းပွဲတမျိုးပါ။ အဲဒီဟင်းလျာက လူကိုနွေးထွေးစေပါတယ်။ အခုကဆောင်းဝင်နေပြီ။ လန်တေးလ်ဟင်းချိုက ဒီမှာအလွယ်တကူရနိုင်တဲ့ အစားအစာတမျိုးပါ။ စေတနာ့ဝန်ထမ်းတွေ အကူအညီနဲ့ ဟင်းချိုချက်ပြုတ်ပါတယ်။ တချို့က ငွေနဲ့ ကူတာရှိသလို ငွေမကူနိုင်တဲ့သူက လုပ်အားထည့်ဝင်ကြပါတယ်။ ကိုယ်တတ်နိုင်တာနဲ့ ပါဝင်ကူညီကြတာပါ” လို့ ပြောပါတယ်။
ဂါဇာမြောက်ပိုင်းက ထွက်ပြေးလာကြသူ ပါလက်စတိုင်း လူကြီးလူငယ်တွေဟာ ကြမ်းတမ်းတဲ့ ဆောင်းရာသီ အအေးဒဏ်ကို အံတုရင်ဆိုင်ဖို့အတွက် သူတို့ဒေသရဲ့ လူကြိုက်များတဲ့ လန်တေး ပဲဟင်းရည်ပူပူကို စားသုံးဖို့ စောင့်ဆိုင်းနေကြပါတယ်။
ဟူစိတ်အဘူရာမာဒန်က “ဂါဇာနေပြည်သူတွေရဲ့ဘဝက ဝမ်းနည်းစရာကောင်းပါတယ်။ မိုးတကယ်ရွာပြီဆိုရင် တဲထဲမှာနေလို့ ဘယ်လိုမှ မိုးမလုံပါဘူး။ လူတိုင်းမိုးရေစိုပြီး အအေးမိကြ ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ ပိုပြီးခံစားရပါတယ်။ အဲဒါနဲ့ ဟင်းရည်ပူပူလေး တိုက်နိုင်ရင်ကောင်းမယ်လို့ ကူညီသူတွေအားလုံး ဝိုင်းစဉ်းစားမိကြပြီး နွေးထွေးစေတဲ့ ဆောင်းတွင်းပဲဟင်းရည်ပူလေး စီစဉ်ပေးဖြစ်တာပါပဲ။ ဆားရဖို့ တောင်မှ အခက်အခဲရှိနေချိန်မှာ ဒီလိုရိုးရာဟင်းရည်ပူတခွက် ဖြစ်လာဖို့က တကယ် မလွယ်ပါဘူး”လို့ ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး စားနပ်ရိက္ခာနဲ့ လောင်စာဆီတင်ပို့မှုကို ဖြတ်တောက်ခဲ့ပါတယ်။ ဗုံးကြဲမှုတွေကြောင့် သေဆုံးရတဲ့ ပါလက်စတိုင်းလူမျိုး တသောင်းကျော်ထဲမှာ ကလေးသူငယ် လေးဆယ်ရာခိုင်နှုန်း ပါဝင်နေပါတယ်။
အောက်တိုဘာ ၇ ရက်က စတင်ပြီး ဂါဇာကမ်းမြောင့် ဒေသနေထိုင်သူ ပါလက်စတိုင်း ၂ ဒသမ ၃သန်းရဲ့ သုံးပုံနှစ်ပုံဟာ ဂါဇာတောင်ပိုင်းကို ရွှေ့ပြောင်းကြရပါတယ်။
ဒီကနေ့အထိလည်း ထောင်နဲ့ချီတဲ့သူတွေဟာ တပိုင်တနိုင်ပစ္စည်းတွေနဲ့ ကလေးတွေကို ချီပိုးရင်း ဆက်လက်ရွှေ့ ပြောင်းနေကြဆဲ ဖြစ်ပါတယ်။
မိမိတို့နေအိမ်တွေကနေ ထွက်ခွာသွားဖို့ ညွှန်ကြားထားတဲ့ ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေကို အစ္စရေးစစ်တပ်က မြေပြင်တပ်ဖွဲ့တွေသုံးကာ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ထောင်သောင်းချီတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေ နယ်စပ်တွေဘက်ကို အစုလိုက်အပြုံလိုက် စစ်ဘေးရှောင် ထွက်ပြေးနေကြပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း အရေးပေါ် လိုအပ်နေပါတယ်။