ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ အကူအညီအသစ်တွေ ထပ်မံပေးအပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရီပတ်ဘလီကန်တွေကို ဒီဇင်ဘာ ၆ ရက်က မေတ္တာရပ်ခံခဲ့ပြီး ယူကရိန်းအပေါ် ရုရှားက အောင်ပွဲရခဲ့ရင် မော်စကိုက နေတိုးမဟာမိတ်တွေကို တိုက်ခိုက်ဖို့ နေရာရသွားလိမ့်မယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
ကိယက်ဗ်အတွက် ငွေကြေးထောက်ပံ့မှု လျော့နည်းလာတာကြောင့် ယူကရိန်းအကူအညီ ဒေါ်လာ ၁၇၅ သန်း ထပ်မံပေးအပ်ဖို့ အမေရိကန်က စီစဉ်နေချိန်မှာပဲ ဘိုင်ဒင်က ကွန်ဂရက်လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။
“ပူတင်က ယူကရိန်းကို သိမ်းလို့ရသွားရင် အဲဒီမှာပဲ ရပ်နေမှာမဟုတ်ဘဲ နေတိုးမဟာမိတ်နိုင်ငံကို တိုက်ခိုက်မယ်။ ပြီးရင် ရုရှားတပ်တွေကို တိုက်ခိုက်ဖို့ အမေရိကန်တပ်တွေ ရှိလာရလိမ့်မယ်” လို့ ဘိုင်ဒင်က ပြောလိုက်ပြီး ပူတင်ကို အနိုင်ရသွားခွင့် မပေးနိုင်ဘူး လို့လည်း ဆိုပါတယ်။
အခုသီတင်းပတ်အတွင်းမှာ အိမ်ဖြူတော်က ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းကို ကူညီဖို့ အမေရိကန်မှာ အချိန်နဲ့ ငွေကြေး မကျန်တော့ဘူးလို့ သတိပေးခဲ့တာပါ။
နိုဝင်ဘာလလယ်တုန်းက အမေရိကန် ကာကွယ်ရေးဌာနဟာ သူရရှိထားတဲ့ ဖြည့်စွက်ရန်ပုံငွေအတွက် ဒေါ်လာ ၆၂ ဒသမ ၃ ဘီလီယံရဲ့ ၉၇ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး နိုင်ငံခြားရေးဌာနက ခွဲဝေချပေးထားတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ အားလုံးကို အသုံးပြုခဲ့တယ်လို့ အမေရိကန် ဘတ်ဂျက်ဒါရိုက်တာ ရှာလန်ဒါယန်းင်က အခုသီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ပြန်လည်ဖြည့်တင်းရေး အာဏာပိုင်အဖွဲ့မှာ ဒေါ်လာ ၁ ဘီလီယံအောက်သာရှိကြောင်း အမေရိကန်အရာရှိတဦးက ပြောထားပါတယ်။
မက္ကဆီကိုနဲ့ နယ်နိမိတ်လုံခြုံရေးကိစ္စကလည်း ယူကရိန်းနဲ့ အစ္စရေးတို့ရဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုမှာ အဓိကပြဿနာ ဖြစ်နေပါတယ်။
အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ရီပတ်ဘလီကန်တွေဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လက်မှတ်ရေးထိုးထားတဲ့ နယ်စပ်တံတိုင်းအသစ် တည်ဆောက်ရေးအတွက် ကျောထောက်နောက်ခံ ပြုထားကြတာပါ။
ဘိုင်ဒင်က နယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အပေးအယူတွေကို လုပ်ဖို့ ဆန္ဒရှိပေမဲ့ ရီပတ်ဘလီကန်တွေဟာ သူတို့လိုချင်တာ အားလုံးကိုတော့ ရနိုင်မှာမဟုတ်ဘူး၊ အဲဒါကိုတော့ ညှိနှိုင်းရမယ်လို့ ပြောပါတယ်။
Source/Photo-Reuters