Home
မြန်မာသတင်း
မုံရွာမြို့၌ စက်သုံးဆီ ပြတ်လပ် တန်းစီဝယ်နေရ၊ စိတ်အေးချမ်းသာစွာ ဝယ်ယူကြရန် စစ်ကောင်စီ တိုက်တွန်း 
DVB
·
December 7, 2023
MonYwa

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းက စက်သုံးဆီဆိုင်တွေ ဆီပြတ်လပ်နေပြီး  စက်သုံးဆီ ဝယ်ယူသူတွေအနေနဲ့ တန်းစီဝယ်ယူ‌နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလို တန်းစီပြီး ဆီဝယ်ယူရတာမှာ လိုသလောက် ဝယ်ယူလို့မရဘဲ ဆိုင်ကယ်တစီးကို မနက်ပိုင်းက ကျပ်  ၅,၀၀၀ ဖိုးသာ ဝယ်ယူရရှိပြီး နေ့ခင်း ၁၀ နာရီကျော်မှာ ဆိုင်ကယ်တစီးကို ကျပ် ၂,၀၀၀ ဖိုးသာ ဝယ်ယူရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မုံရွာဒေသခံ ပြည်သူတဦးက“တမြို့လုံးဆိုင်တွေ နှံ့နေပြီဗျ။ လက်လီဆိုင်တွေကတော့ တဂါလန် ၂၀,၀၀၀ ဈေးနဲ့ရောင်းတယ်။ အဲဒါလည်း လိုသလောက်မရဘူး။ ကျန်တဲ့ ပုဂ္ဂလိက ဆီအရောင်းဆိုင်တွေကတော့ ဆိုင်ကယ်တစီးကို တလီတာ ၅,၀၀၀ နဲ့ တလီတာပဲ မျှရောင်းပေးတဲ့ဆိုင်တွေလည်း တဆိုင် နှစ်ဆိုင်လောက် ရှိတယ်။ ကျန်တဲ့ဆိုင်တွေကတော့ အကုန်ပိတ်ထားတာတွေ ရှိတယ်။ အိမ်စီးကားဆိုရင်တော့ ၂၀,၀၀၀ ဖိုးပဲ ရောင်းပေးတယ်” လို့ ပြောပါတယ်။

လောင်စာဆီ ရက်ရှည်ပြတ်တောက်မှု ဖြစ်ပေါ်နေလို့ မုံရွာမြို့ပေါ်က ပြည်သူတွေဟာ လတ်တလော ရောင်းချပေးနေတဲ့ ဆိုင်ရှေ့တွေမှာ တန်းစီဝယ်ယူနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေမှာလည်း အခုသီတင်းပတ်အတွင်း  လောင်စာဆီဈေးနှုန်းတွေ မြင့်တက် ရှားပါးပြတ်လပ်နေပြီး သီလဝါမှလည်း ဆီတင်တဲ့ ဘောက်ဆာကားတွေလည်း ရက်နဲ့ချီပြီး စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ပြည်ပမှ ဆီတင်သင်္ဘာ ၁၀ စင်း ပင်လယ်ဝမှာ စောင့်နေသလို သီလဝါဆိပ်ကမ်းတွေမှာလည်း ဆီတင်သင်္ဘာ  ၃ စင်း အသင့်ရှိနေလို့ အများပြည်သူတွေ စိတ်အေးချမ်းသာစွာ ဆီဝယ်ယူကြဖို့ သတင်းထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024