ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၇ ရက် ဒီနေ့မနက် အစောပိုင်းမှာ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က သိုင်းငင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
CDF-CDM-SIYIN အဖွဲ့ တာဝန်ခံက “တိုက်ပွဲဖြစ်နေတာကလည်း ဟုတ်ပါတယ်။ စစ်ရေး အခြေအနေအရ တိုက်ပွဲပြီးတဲ့အခါ ဆက်လက်ပြောကြားပေးမယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုနဲ့ စစ်ရေးအခြေအနေတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ကလေးတက္ကသိုလ်ကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က သိုင်းငင်းတိုက်ပွဲဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကလေးမြို့တွင်းမှာလည်း လက်နက်ကြီးသံတွေ ဆူညံနေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ကလေးမြို့ခံတဦးက “မိုးကရွာနဲ့ လက်နက်ကြီးသံတွေက ဆူညံလို့၊ လက်နက်ကြီးသံကို အချက် ၃၀ လောက်ရှိပြီ” လို့ ပြောပါတယ်။
သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကလေး-တီးတန်-ဖလမ်း လမ်းမပေါ်မှာတည်ရှိပြီး လူဦးရေ ၇၀၀ ကျော် နေထိုင်ပါတယ်။
နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို ဒေသခံတွေ အနေနဲ့ရော ခရီးသွားတွေအနေနဲ့ပါ အသုံးမပြုကြဖို့ CDF-Civic Defense Militia -CDM-Siyin အဖွဲ့က သတိပေးထားပါတယ်။