အမေရိကန်ပြည်ထောင်စုကို ကိုကင်းနဲ့ ဖန်တနဲလ် အဓိက ဖြန့်ဖြူးရောင်းချနေတဲ့ မက္ကဆီကို မူးယစ်မှောင်ခိုဂိုဏ်း ဘဲလ်ထရန်-လေးဗာနဲ့ ဆက်နွှယ်နေတဲ့ မက္ကဆီကန်ကုမ္ပဏီ ၂ ခုနဲ့ လူပုဂ္ဂိုလ် ၁၅ ဦးတို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။
နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) ကနေ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလန်က ဒီဇင်ဘာ ၆ ရက်မှာ ကြေညာလိုက်တာဖြစ်ပြီး ဒီဂိုဏ်းက ကိုကင်းနဲ့ စိတ်ကြွဆေး တန်ချိန်ပေါင်းများစွာကို အမေရိကန်ဆီ သယ်ယူပို့ဆောင်နေတာ ဆယ်စုနှစ်တွေ ကြာခဲ့ပြီလို့ ယဲလန်က ပြောပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးယဲလန်ဟာ လူသေစေနိုင်တဲ့ အိုပီအွိုက်ဒ် ဖန်တနဲလ် အမေရိကန်ကို ဝင်ရောက်မှု တားဆီးရာမှာ မက္ကဆီကိုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ သူ့ရဲ့ ပထမဆုံး မက္ကဆီကိုခရီးစဉ်မှာ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ ကမ္ဘာ့အင်အားအကြီးဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ အဖွဲ့အစည်းတွေထဲက တခုလို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ဘဲလ်ထရန်-လေးဗာ အဖွဲ့ကို ဖြိုဖို့လည်း ရည်ရွယ်ထားတာပါ။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ အရင်က မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားခဲ့ပေမဲ့ ၂၀၂၁ အုပ်ချုပ်ရေးအမိန့်အရ တရားမဝင် မူးယစ်ဆေးဝါးတွေ ပြန့်ပွားမှုမှာ သိသာထင်ရှားတဲ့ လူနဲ့ ပစ္စည်းပံ့ပိုးကူညီမှုအပြင် ငွေပေးငွေယူ ငွေအလွှဲအပြောင်းကိစ္စရပ်တွေ အထိပါ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတဲ့ နောက်ဆုံးသတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ယဲလန်ဟာ ဖန်တနဲလ် ရှေ့ပြေးဓာတုပစ္စည်းတွေကို ရှာဖွေစုံထောက်ဖို့ ထောက်လှမ်းရေးခွေးတွေကို လေ့ကျင့်ပေးနေတဲ့ မက္ကဆီကိုအစိုးရ ရာဇဝတ်မှုဆိုင်ရာ ဓာတ်ခွဲခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။
ယဲလန်ဟာ မက္ကဆီကို ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ် အကြီးအကဲတို့နဲ့ တွေ့ဆုံမှာဖြစ်ပြီး သတင်းအချက်အလက် မျှဝေမှုကို တိုးတက်စေမယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source/Photo-Reuters