Home
ဆောင်းပါး
မျိုးတုံးပျောက်ကွယ်တော့မည့် အမေရိကန် ဝံပုလွေနီ
DVB
·
December 7, 2023
Article 3_07122023

ထိန်းသိမ်းစောင့်ရှောက်သူတွေဟာ မျိုးတုံးလုနီးပါးဖြစ်နေတဲ့ အမေရိကန် ဝံပုလွေနီတွေ အတွက် သွားစစ်ဆေးခြင်းနဲ့ အူသံစမ်းသပ်ခြင်းတွေ ပြုလုပ်ပေးရပါတယ်။

ဝံပုလွေရဲ့သွားတွေကို အထူးဂရုစိုက်ခြင်း၊ မျိုးပွားခြင်းနဲ့ ပြန်လည်ပျိုးထောင်ခြင်း အစီအစဉ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာပဲ ပေါက်ဖွားတဲ့ တခုတည်းသော ဝံပုလွေမျိုးစိတ်ဖြစ်တဲ့ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အနီရောင်ဝံပုလွေ အရေအတွက် နည်းနည်းချင်း ပြန်များလာပါတယ်။

ဝံပုလွေနီမျိုးတုံးခြင်းက အကာအကွယ်ပေးရေး အစီအစဉ် ဒု-ခေါင်းဆောင် ခရိတ်ဂ်စတန်းဒရစ်ဂျ်က “ဝံပုလွေနီတွေနဲ့ ပတ်သက်ပြီး ကျနော်အနှစ်သက်ဆုံး အချက်က သူတို့ဟာ အမေရိကန်ဇာတိမျိုးရင်း ဝံပုလွေနီတွေ ဖြစ်တာကြောင့်ပါ။ ဒါကြောင့် အမေရိကမှာသာ မွေးရပ်မြေဖြစ်တဲ့ ဒီဝံပုလွေမျိုးစိတ်က တခုတည်းသော ဝံပုလွေမျိုးဖြစ်တာကို ဂုဏ်ယူမိပါတယ်။ ဒီတိရစ္ဆာန် မျိုးမတုံးအောင် ကျနော်တို့ အပြင်းအထန် ကြိုးပမ်းနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ နောင်လာနောက်သားတွေအတွက် ချန်ထားခဲ့ရမယ့် အမေရိကန် ယဉ်ကျေးမှုနဲ့ သဘာဝမျိုးစုံ မြင်ကွင်းကျယ်ကြီးမှာ ဝံပုလွေနီတွေကို အစိတ်အပိုင်းတခု ဆက်ဖြစ်နေစေချင်တာကြောင့်ပါပဲ” လို့ ပြောပါတယ်။

ဝါရှင်တန်ပြည်နယ်၊ တာကိုးမားမြို့အခြေစိုက် ပွိုင့်ဒီဖိုင်းယန့်စ် တိရစ္ဆာန်ဉယျာဉ်က စီမံခန့်ခွဲတဲ့ စောင့်ရှောက်မှု အစီအစဉ်မှာ သွားဘက်ဆိုင်ရာ စစ်ဆေးမှုတွေနဲ့ သွားသန့်ရှင်းရေးတွေ ပြုလုပ်ပေးနေပါတယ်။ ကျိုးနေတဲ့သွားတွေကြောင့် အသားစားရာမှာ အခက်အခဲ ဖြစ်စေနိုင်တယ်လို့ တိရစ္ဆာန်ရုံရဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သူ ကာရင်ဝေါ့ဖ်က ပြောပါတယ်။

အကောင်ရေ ၂၇၀ လောက်ရှိတဲ့ ဝံပုလွေနီတွေကို အဲဒီတိရစ္ဆာန်ဉယျာဉ်ထဲမှာ စနစ်ကျတဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ထိန်းသိမ်းထားရှိမှု လုပ်ဆောင်ပေးနေတာပါ။ မြောက်ကာရိုလိုင်းနား အရှေ့ပိုင်းက တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနေရာ သုံးနေရာမှာတော့ ဝံပုလွေနီကောင်ရေ ၂၀ လောက်ပဲ ရှိနေပါတယ်။

စီယက်တဲလ်မြို့တောင်ဘက် မိုင် ၆၀ (ကီလိုမီတာ ၁၀၀) အကွာမှာရှိတဲ့ ပွိုင့်ဒီဖိုင်းယန့်စ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာမှာ လှုပ်ရှားမှုနည်းပါးပြီး ငြိမ်သက်နေတဲ့ အသက်ကိုးနှစ်အရွယ် ဝံပုလွေနီ အမှတ် ၂၀၇၇ ကို မကြာသေးခင်က ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။ အဲဒီဝံပုလွေနီဟာ ဒီနှစ်အစောပိုင်းက သားပေါက်လာတဲ့ ဝံပုလွေနီပေါက်စလေး ခြောက်ကောင်ရဲ့ အဘိုးဖြစ်ပြီး တောထဲကို ပြန်လွှတ်ပေးလိုက်တဲ့ အရွယ်ရောက်ပြီး ဝံပုလွေနီတကောင်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

အမေရိကန် သားငါးနဲ့ တောရိုင်းတိရစ္ဆာန်ဌာနက အမှတ် ၂၀၇၇ အဖြစ် သတ်မှတ်ပေးလိုက်တဲ့ သစ်ကြံပိုးခေါက်အရောင် အမွေးအမှင်တွေရှိတဲ့ ဝံပုလွေနီကို ဓာတ်မှန်ရိုက်ပြီး စနစ်တကျ သန့်ရှင်းရေး လုပ်ပေးတာအပြင် ပိုးဝင်နေတဲ့ အံသွားတချောင်းကိုလည်း နုတ်ပစ်ပေးခဲ့ပါတယ်။ သူ့ကျန်းမာရေးတစုံလုံးကို စစ်ဆေးပေးဖို့အတွက် ကာကွယ်ဆေးထိုးပေးတာ၊ သွေးနမူနာ ယူတာတွေကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေက လုပ်ဆောင်ပေးနေပါတယ်။

စီမံခန့်ခွဲစောင့်ရှောက်မှုရရှိတဲ့ တောရိုင်းဝံပုလွေတွေဟာ နှစ်စဉ် ကျန်းမာရေးစစ်ဆေးတာနဲ့ ပုံမှန် သွားသန့်ရှင်းရေး လုပ်ဆောင်ပေးတာကြောင့် တောတောင်တွေထဲမှာ သဘာဝအတိုင်း ကြီးပြင်းတဲ့ ဝံပုလွေတွေထက် အသက်ပိုရှည်ကြတာ တွေ့ရပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန်လည်းဖြစ်၊ ပွိုင့်ဒီဖိုင်းယန့်စ် တိရစ္ဆာန်ဉယျာဉ်နဲ့ ငါးပြတိုက်တာဝန်ခံ အကြီးအကဲ ကာရင်ဝေါ့ဖ်က “စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ အမေရိကန်ဝံပုလွေတွေဟာ တောထဲက ဝံပုလွေတွေထက် အသက်ပိုရှည်ပါတယ်။ သူတို့ကို နှစ်စဉ် ကျန်းမာရေးစစ်ဆေးပေးတာနဲ့ သွားသန့်ရှင်းရေး လုပ်ပေးတာကြောင့်ပါ။ သူတို့ရဲ့သွားတွေက အကောင်းဆုံးအနေအထားမှာ ရှိပါတယ်။ တောထဲကဝံပုလွေတွေမှာ သွားတွေကျိုးပဲ့နေတာ ရှိပါတယ်။ သွားကျိုးတွေနဲ့ အသားစားရတာက သူတို့အတွက် ခက်ခဲပါတယ်။ ဒီမှာကတော့ အသက် ၈ နှစ်နဲ့အထက် ဝံပုလွေတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပိုပေးပါတယ်။ ဒါကြောင့် အခုမြင်နေရတာက ကျန်းမာရေးကောင်းနေတဲ့ သက်ကြီးဝံပုလွေနီတကောင် ဖြစ်ပါတယ်။ သူ့အင်္ဂါအစိတ်အပိုင်း အားလုံးရဲ့ အခြေအနေကို အကဲဖြတ်နိုင်ဖို့ သွေးနမူနာယူပြီး စစ်ဆေးပါတယ်။ ကာကွယ်ဆေးထိုးပေးပြီး သွားသန့်ရှင်းရေး လုပ်ပေးခဲ့ပါတယ်” လို့ ပေြာပါတယ်။

တချိန်က အမေရိကန်ပြည်ထောင်စု နယူးယောက်ကနေ တက္ကဆက်ပြည်နယ်အထိ တနံတလျား မြင်တွေ့ခဲ့ရတဲ့ ရှားပါးမျိုးစိတ်ဝင် ဝံပုလွေနီတွေဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်နှစ်တွေကြားမှာ ကောင်ရေ အကြီးအကျယ် လျော့နည်းကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်အစိုးရ တောရိုင်းတိရစ္ဆာန်ဌာနက ဝံပုလွေနီတွေကို မျိုးတုံးပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ တောကောင်စာရင်းထဲ ၁၉၆၇ ခုနှစ်မှာ ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။

ကာရင်ဝေါ့ဖ်က “အမေရိကန်ဝံပုလွေနီတွေက ကမ္ဘာတဝန်းလုံးမှာ မျိုးတုံးပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိဆုံး ဝံပုလွေအမျိုးအစား ဖြစ်ပါတယ်။ အမေရိကန် ဝံပုလွေနီကတော့ အမေရိကန်မြေပေါ်မှာသာ ပေါက်ဖွားတဲ့ တခုတည်းသော ဝံပုလွေ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ဟာ နိုင်ငံ့ရတနာ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဒါဟာ သူတို့ကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးဖို့ အခွင့်ထူးတရပ် ဖြစ်သင့်တာပါ။ လူတွေက ဒီမျိုးစိတ်တွေကို သတိပြုမိစေဖို့နဲ့ တောရိုင်းတိရစ္ဆာန်တွေ မျိုးမတုံးအောင် ကာကွယ်ဖို့ ဆိုတာတွေကို နားလည်လာဖို့က အရမ်းအရေးကြီးပါတယ်” လို့ ပြောပါတယ်။

၁၉၅၀ နဲ့ ၆၀ အစောပိုင်းနှစ်တွေတုန်းကတော့ အမေရိကန်အစိုးရ တောရိုင်းတိရစ္ဆာန်ဌာနဟာ လူနဲ့ တခြားတိရစ္ဆာန်တွေကို အကာအကွယ်ပေးတဲ့အနေနဲ့ ဝံပုလွေအမြစ်ပြတ်သုတ်သင်ရေး အစီအစဉ်တခု ချမှတ် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို တောရိုင်းသဘာဝထဲက ထိပ်တန်း သားရဲတိရစ္ဆာန်တွေဟာ ကောင်းမွန်တဲ့ ဂေဟစနစ်ကို ထိန်းသိမ်းရာမှာ မရှိမဖြစ် လိုအပ်တယ်ဆိုတာကို သဘောပေါက် နားလည်လာခဲ့ကြတယ်လို့ ပွိုင့်ဒီဖိုင်းယန့်စ် တိရစ္ဆာန်ဉယျာဉ်နဲ့ ငါးပြတိုက် ရှင်းလင်းပြသပေးသူ နာတာလီဒေးဗီးစ်က ပြောပါတယ်။

“၁၉၅၀ နဲ့ ၆၀ ပြည့်နှစ်တွေတုန်းက တောရိုင်းကောင်တွေကို အမြတ်ဖြတ် ရှင်းလင်းပစ်ဖို့ အစီအစဉ်တွေချပြီး လုပ်ခဲ့ကြတယ်။ တောကောင်တွေက ဆိုးတယ်ဆိုတာလောက်ပဲ သိကြသေးတာကိုး။ ဂေဟဗေဒစနစ် ထိန်းသိမ်းရေးမှာ တောရိုင်းတိရစ္ဆာန်တွေက ဘယ်လောက်အရေးပါတယ် ဆိုတာကို လူတွေ မသိကြသေးဘူး။ ဒါကြောင့် တောထဲသွားပြီး ဝံပုလွေသတ်နိုင်တယ်ဆိုရင် နည်းနည်းများများ ပိုက်ဆံရတာပါပဲ။ အမေရိကန်အရှေ့ဘက် ကမ်းရိုးတန်းမှာ လူနေထူထပ်လာတာနဲ့ ပေါင်းလိုက်တော့ ဒေသခံ ဝံပုလွေနီတွေ ကောင်ရေ တအားလျော့နည်းသွားပါတယ်။ အခုဆို လူဝီစီယားနား အနောက်တောင်ပိုင်းနဲ့ တက္ကဆက် အရှေ့တောင်ပိုင်းတွေမှာပဲ နည်းနည်းစီ တွေ့ရတော့တယ်။”

နာတာလီဒေးဗီးစ်ဟာ တိရစ္ဆာန်ဉယျာဉ်နဲ့ ငါးပြတိုက် ရှင်းလင်းပြသသူလည်းဖြစ်ပြီး တိရစ္ဆာန်ဉယျာဉ်နဲ့ ငါးပြတိုက်များ အသင်းကြီးရဲ့ ဝံပုလွေနီ မျိုးတုံးပျောက်ကွယ်မှုကနေ ထိန်းသိမ်းရေး အစီအစဉ်မှာ ပါဝင်လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ အဲဒီထိန်းသိမ်းရေးအစီအစဉ် တစိတ်တပိုင်းအနေနဲ့ အခုနှစ်ဆန်းတုန်းက ဝံပုလွေနီငယ် ၇ ကောင်ကို မြောက်ကာရိုလိုင်းနား သဘာဝတောရိုင်းထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့အထဲက ဝံပုလွေနီငယ်သုံးကောင်ဟာ ပွိုင့်ဒီဖိုင်းယန့်စ် တိရစ္ဆာန်ဉယျာဉ် အစီအစဉ်အောက်ကဖြစ်ပြီး အဲဒီအထဲက ဝံပုလွေငယ်လေးတကောင်ဟာ ဒီနှစ် ဧပြီလ ၁၃ ရက်ကမှ သားပေါက်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024