ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြို့မရဲစခန်း (ခရိုင်ရဲစခန်း) ကို ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲဝန်းကျင်လောက်မှာ တော်လှန်ရေးအင်အားစုဘက်က ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြဝတီမြို့ ခရိုင်ရဲစခန်းဝင်းဟာ ခရိုင်ရဲရုံးအပြင် ရဲစခန်းနဲ့ ထွေအုပ်ရုံးလည်းရှိတာဖြစ်ပြီး အခုအချိန်မှာ ရဲစခန်းရှေ့က လမ်းတွေလည်း ပိတ်ထားတဲ့အပြင် လုံခြုံရေးအပြည့် ချထားတယ်လို့လည်း သိရပါတယ်။
ရဲစခန်းနဲ့နီးစပ်သူတဦးက “ရဲစခန်းထဲမှာတော့ ထိခိုက်မှုမရှိဘူး။ အခုက လမ်းနှစ်ခြမ်းလုံး ပိတ်လိုက်တော့ ဘယ်သူမှ အသွားအလာလုပ်လို့ မရတော့ဘူး။ သူတို့လည်း နည်းနည်းပါးပါးတော့ ရမ်းသန်းပြီး လိုက်ပစ်တာပေါ့။ ဒရုန်းကျတဲ့အချိန်ကတော့ မီးပြတ်သွားပေမဲ့ အခုမီးပြန်လာနေပြီ။ မှောင်နေရင် သူတို့အတွက် ပိုပြီး အန္တရာယ်ရှိတယ်” လို့ ပြောပါတယ်။
ဒရုန်းနဲ့ လာရောက်ပစ်ခတ်တဲ့အဖွဲ့က ဘယ်အဖွဲ့လဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။