ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တဲ့ ပရဟိတသမား ဦးကျော်ကျော်မျိုး (ခ) တောင်ပေါ်သားလေးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကျောက်မဲမြို့နဲ့ အနီးနားတဝိုက်က တိုက်ပွဲတွေကြောင့် လမ်းတံတားပျက်စီးတဲ့ အခြေအနေတွေနဲ့ စစ်ဘေးရှောင်အခြေအနေတွေကို အချိန်နဲ့တပြေးညီ သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ တင်ပြလို့ဆိုပြီး စစ်တပ်က ဖမ်းသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးကျော်ကျော်မျိုး (ခ) တောင်ပေါ်သားလေးဟာ လူမှုကူညီရေးအသင်းတခုက အဖွဲ့ဝင်ဖြစ်ပြီး ဒေသတွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို စစ်တပ်က အာဏာမသိမ်းခင်ကတည်းက လက်ရှိအချိန်ထိ စဉ်ဆင်မပြတ် ကူညီပေးနေသူဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ကျောက်မဲမြို့ခံတဦးက “အာဏာမသိမ်းခင်ကတည်းက ကျောက်မဲမြို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ကြတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်တာတွေ၊ အစားအသောက်တွေ အလှူခံပေးတာတွေကို တောင်ပေါ်သားလေးက ဆက်တိုက်လုပ်လာတာ မြို့ခံတွေ အကုန်သိတယ်။ အခုလည်း စစ်ဘေးရှောင်တွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို နေ့စဉ် ကိုယ်တိုင်လည်းလှူတယ်၊ အလှူခံပြီးတော့လည်း ပြန်လှူပေးတာတွေ ဆက်တိုက်လုပ်နေတာ ဖြစ်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဦးကျော်ကျော်မျိုး (ခ) တောင်ပေါ်သားလေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ) တို့နဲ့ တရားစွဲဆိုထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၄,၂၃၇ ဦး ရှိနေပြီး အဖမ်းခံရသူလည်း စုစုပေါင်း ၂၅,၅၀၁ ဦးရှိကာ အဲ့ဒီထဲက ၁၉,၇၁၃ ဦးက ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။