ကာတာရဲ့ ကြားဝင်စေ့စပ်မှုအရ ယူကရိန်းကလေး ၆ ဦးကို ရုရှားက ယူကရိန်းဆီ ပြန်ပေးမှာဖြစ်ကြောင်း ကာတာ တာဝန်ရှိသူတဦးက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
ကလေးတွေဟာ မော်စကိုမှတဆင့် ယူကရိန်းကိုသွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေကြပါပြီ။ အောက်တိုဘာလတုန်းက အရွယ်မရောက်သေးသူ ၄ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်း အခုတခါ ကာတာနိုင်ငံမှ ကြားဝင်မှုနဲ့ ကလေးတွေ ပြန်ပို့ဆောင်မှုဟာ ဒုတိယအဆင့် ဖြစ်ပါတယ်။
ယူကရိန်းကို ပြန်လာနေကြတဲ့ ကလေးတွေဟာ ရုရှားနိုင်ငံ ဒါမှမဟုတ် ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေမှာ ဆွေမျိုးတွေနဲ့ နေထိုင်ခဲ့တာပါ။ ကလေးတွေ ပြန်လာရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေကို အနည်းဆုံး ၂၀၂၃ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။
ကာတာဝန်ကြီးချုပ် အဗ္ဗဒူလ်ရာမန်အယ်လ်ထာနီရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက ယူကရိန်းနိုင်ငံ ခရီးစဉ်အတွင်း ရုရှားတွေခေါ်ဆောင်သွားတဲ့ ကလေးတွေကို သူတို့ရဲ့ အနီးစပ်ဆုံး ဆွေမျိုးသားချင်းတွေဆီ ပြန်ပို့ပေးဖို့ကို ရုရှားနဲ့ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးဖို့ဆိုပြီး ယူကရိန်းရဲ့ တောင်းဆိုမှုကို ကာတာက သဘောတူခဲ့ပါတယ်။
မိသားစု သို့မဟုတ် အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်မရှိဘဲ ယူကရိန်းကနေ ရုရှားနိုင်ငံ သို့မဟုတ် ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကို ကလေး ၂၀,၀၀၀ လောက်ကို ခေါ်ဆောင်သွားခဲ့ကြောင်း ကိယက်ဗ်က ပြောကြားခဲ့ပြီး ဒါဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) မှာ ရုရှားကို တရားစွဲဆိုထားပါတယ်။
မော်စကိုက အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး အားနည်းတဲ့ကလေးတွေကို စစ်ပွဲဇုန်မှ အကာအကွယ် ပေးထားခဲ့တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ICC ကလည်း ရာနဲ့ချီတဲ့ ယူကရိန်းကလေးတွေကို ရုရှားနိုင်ငံကို ပို့ဆောင်တဲ့ စစ်ရာဇဝတ်မှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကလေးသူငယ်များဆိုင်ရာ မဟာမင်းကြီး မာရီယာ အယ်လ်ဗိုဗာ ဘီလိုဗာ တို့ကို ICC က ဖမ်းဝရမ်း ထုတ်ထားပါတယ်။
ကရင်မလင်ကလည်း ဒီစွဲချက်တွေကို အဓိပ္ပာယ်မရှိဘူးလို့ ပြောပြီးတော့ ပယ်ချခဲ့ပါတယ်။ ICC ရဲ့ အဖွဲ့ဝင် ၁၂၃ နိုင်ငံဟာ ပူတင်ကို သူတို့နိုင်ငံ နယ်မြေပေါ်ကို ရောက်ရှိ ခြေချလာရင် ဖမ်းဆီးပြီး လွှဲပြောင်းပေးရမယ့်တာဝန် ရှိပါတယ်။
Source/Photo-Reuters