ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မိုးညှင်းတက္ကသိုလ်နဲ့ ထန်းတပင်ရွာအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ရွာခံ အမျိုးသမီးတဦးနဲ့ ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက် မနက် ၈ နာရီကျော်လောက်မှာ လမ်းထွက်လျှောက်တဲ့မိသားစု လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာနဲ့ သေဆုံးမှုရှိခဲ့တာဖြစ်ပြီး နောက်ထပ် ကလေးတဦးလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
မြို့ခံတဦးက “လမ်းထွက်လျှောက်ကြတာလို့ ပြောတယ်။ ကလေးတွေက ထိတာများတယ်။ ဒဏ်ရာပြင်းတဲ့ ကလေးသုံးယောက်နဲ့ အမျိုးသမီးတယောက်ကိုပဲ ဆေးရုံပို့လိုက်တာ။ မစိုးရိမ်ရတဲ့ အမျိုးသမီးနှစ်ယောက်ကိုတော့ ဆေးထည့်ပေးပြီး ပြန်လွတ်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိခင် ဒေါ်ခင်စမ်းဝင်းနဲ့ ကလေး ၃ ဦးကို မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးကို မေတ္တာလေညင်း လူမှုကူညီရေးအသင်းက ပို့ဆောင်ကူညီပေးခဲ့ပြီး ဆေးရုံအရောက်မှာ ကလေးတဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
မိုးညှင်းမြို့ စစ်ကောင်စီအမြောက်တက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အခုလို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်မှုများရှိပြီး မြို့ခံတွေရဲ့ နေအိမ်အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်က မိုးညင်းမြို့ နန်းမွန်ရွာနဲ့ ဘီလူးရွာအကြားမှာရှိတဲ့ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက မြို့နယ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo - မေတ္တာလေညင်း လူမှုကယ်ဆယ်ရေးအသင်း