စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အ.ထ.က စာသင်ကျောင်းမှာ အထိုင်ချ တပ်စွဲနေကာ ဒေသခံပြည်သူတွေကို စစ်ဆေးဖမ်းဆီး ငွေတောင်းရမ်းတာတွေပါ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံ ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက ပြောပါတယ်။
ကန့်ဘလူတောင်ခြမ်း ပြည်သူ့ကာကွယ်ရေး (KDF) အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ သွားမိုင်းဆွဲတာက နေရာနှစ်နေရာကနေ စောင့်ကြိုပြီး နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ စစ်သား နှစ် ဦးကတော့ ကျနော်တို့မျက်မြင် သေဆုံးတာရှိတယ်။ နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာတော့ အရှေ့မြောက်ပိုင်း စုန်းချောင်းအုပ်စု၊ သံဘိုရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီလောက် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာ-ပုသိမ် ကားလမ်းနဲ့ ကလေး-ယာကြီး-မုံရွာ လမ်းဆုံမှာရှိတဲ့ အောင်ဇေယျ စစ်မှုထမ်းဟောင်း ရပ်ကွက်ကနေ သံဘိုရွာကို ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
သံဘိုရွာသူတဦးက “ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ သက်သက်မဲ့ကို ပြည်သူကို ဒုက္ခပေးတာပါ။ ပစ်တာက လက်နက်ကြီးကျည် ၂ လုံး ပစ်တာပါရှင့်။ ပထမအလုံးက ရွာအလယ်တည့်တည့်ကိုကျပြီး မိန်းကလေး ၃ ယောက် သေဆုံးတယ်။ အဲလို လက်နက်ကြီးကျပေါက်ကွဲပြီး ရွာသားတွေ ရွာထဲကနေ ထွက်ပြေးတဲ့အချိန် နောက်တလုံး ထပ်ပစ်တယ်။ အဲဒီအလုံးကတော့ ရွာရဲ့အရှေ့မြောက်ခြမ်းဘက်ကျတယ်။ လူကတော့ ထိခိုက်တာမရှိဘူး။ အိမ်တွေကတော့ ပျက်စီးနိုင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သေဆုံးသူ ၃ ဦးမှာ မစန်းစန်းမာ အသက် ၃၀ ကျော်၊ မမာကျူ အသက် ၄၀ ကျော်၊ မတင်တင်ဝင်း အသက် ၂၀ ကျော်တို့ ဖြစ်ကြပါတယ်။
စစ်ကောင်စီတပ် အခုလို လက်နက်ကြီးပစ်ခတ်တာကြောင့် အိမ်ခြေ ၇၀ ခန့်ရှိတဲ့ သံဘိုရွာကပြည်သူတွေဟာ ကျေးရွာအတွင်းမှာ မနေရဲတော့ဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့မှာလည်း ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး တယောက်သေဆုံးခဲ့တယ်လို့ ရေစကြိုတော်လှန်ရေးတပ်ဖွဲ့ YRG ကနေ သိရပါတယ်။
ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၁ နာရီ ၅၅ မိနစ်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ YRG တာဝန်ခံ ကိုပါးသိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူတို့ဘက်က ပြန်လည်ရမ်းကားပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”
အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို နေ့စဥ်နဲ့အမျှ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်ပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြတာလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို YRG တပ်ဖွဲ့နဲ့အတူ Local တပ်ပေါင်းစု Army တို့ ပူးပေါင်းပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။