ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ဓာတ်ဆီဆိုင်တွေမှာ စက်သုံးဆီတွေကို ဝယ်ယူရာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ရောင်းချပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးက ဆီဆိုင်လုပ်ငန်းရှင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အထူးသဖြင့် စက်သုံးဆီကို ဘူးနဲ့ ဂါလန်နဲ့ အပိုဝယ်ယူပြီး အိမ်သယ်ပြန်တဲ့သူတွေ မြို့ပြနဲ့ဝေးကွာတဲ့ ကျေးရွာကလူတွေကို ရောင်းချပေးတဲ့အခါ ထောက်ခံစာတွေ ယူသွားရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတဦးက ပြောပါတယ်။
ဆီဆိုင်မြို့နယ် နောင်အယ်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတဦးက “ကျနော်တို့ရွာက ဝေးတယ်လေ။ ရွာမှာ သာရေး နာရေးအတွက် ဓာတ်ဆီ၊ ဒီဇယ်တွေကို ဘူးတွေနဲ့ ဝယ်သွားရတာ။ အဲ့ဒါ ဒီနေ့က ရွာသူကြီး ထောက်ခံစာမပါလို့ မရောင်းပေးဘူး၊ ပြန်ယူရတယ်။ ပြီးရင် တသိန်းထိပဲ အများဆုံးဝယ်ရတယ်၊ လိုသလောက်လည်း ဝယ်လို့မရဘူး” လို့ ပြောပါတယ်။
ဆီဆိုင်မြို့အတွင်းမှာ စက်သုံးဆီတွေကို ပမာဏအကန့်အသတ်အပြင် မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအတွင်းပဲ ရောင်းချပေးတဲ့အတွက် မြို့ခံတွေနဲ့ နယ်ခံတွေလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့တွင်း သုံးဘီးမောင်းတဲ့ အမျိုးသားတဦးက “သုံးဘီးမောင်းတာလေ၊ ဆီကုန်တော့ ဆီဖြည့်ဖို့မရှိဘူး၊ အိမ်ပြန်နားရတာပေါ့။ အလုပ်လုပ်လို့မရဘူး။ လူကြုံရှိရင်တော့ ဟိုပုံးတို့ တောင်ကြီးတို့ကနေ မှာတယ်။ အဲ့လိုမျိုး ဆီတွေ သယ်ပြန်ပေးတဲ့လူကိုလည်း လမ်းမှာ စစ်ဆေးပြီး ဆီပုံးတွေ သိမ်းပစ်တာလည်း ရှိတယ်။ အစစ်ဆေးလည်းခံရတော့ သူများတွေက မဝယ်ပေးဘူး” လို့ ပြောပါတယ်။
ဆီဆိုင်မြို့ဟာ ရှမ်း-ကယားနယ်စပ်အနီးက မြို့ဖြစ်ပြီး ကရင်နီဘက်ကို စက်သုံးဆီတွေ ဖြတ်တောက်ချင်တဲ့အတွက် ဆီဆိုင်မြို့ကိုဆင်းလာတဲ့ ဆီတင်ကားတွေကို အကန့်အသတ်နဲ့ပဲ ခွင့်ပြုထားတယ်လို့ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။
လက်ရှိ ဆီဆိုင်မြို့မှာ စက်သုံးဆီတလီတာကို ၆,၀၀၀ ကျပ်နဲ့အထက် ပေးဝယ်နေရပြီး မြို့တွင်းမှာလည်း ကရင်နီစစ်ရှောင်တွေ အများအပြား ရောက်ရှိနေပါတယ်။