အင်ဒိုနီးရှားနိုင်ငံ မာရာပီမီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ဒီဇင်ဘာ ၅ ရက်မှာ ၂၂ ဦးအထိ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူတွေ ရှိနေသေးကြောင်းနဲ့ မီးတောင်ဝအနီးမှာ သေဆုံးခဲ့တဲ့ တောင်တက်သမားတွေကို ကယ်ဆယ်ရေးသမားတွေက ထပ်မံတွေ့ရှိခဲ့ကြောင်း အနောက်ဆူမားတြား ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ဖို့ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၂၀၀ ကျော်နဲ့ လုပ်ဆောင်နေပြီး ဒီဇင်ဘာ ၆ ရက်မှာ ရှာဖွေရေးလုပ်ငန်းတွေကို ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ အဗ္ဗဒူလ် မာလိခ်က အသေအပျောက် ၁၆ ဦးကို ဆေးရုံရှိ သဘာဝဘေးဒဏ်ခံရသူ ခွဲခြားသတ်မှတ်ရေး အဖွဲ့ဆီကို လွှဲပြောင်းပေးထားကြောင်း ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မာရာပီမီးတောင် ပေါက်ကွဲခဲ့ချိန်မှာ တောင်ပေါ်မှာ တောင်တက်သမား ၇၅ ဦး ရှိနေခဲ့ပြီး တောင်တက်သမား ၄၉ ဦး ပြန်ဆင်းလာခဲ့ပါတယ်။ ပြီးတော့ အဲဒီညမှာပဲ မီးတောင်က ပေါက်ထွက်သွားခဲ့ပါတယ်။
၂,၈၉၁ မီတာမြင့်တဲ့ အနောက်ဆူမားတြား မီးတောင်ဟာ ဒီဇင်ဘာ ၃ ရက်က ပေါက်ကွဲခဲ့ပြီး မီးခိုးရောင်တိမ်တိုက်တွေဟာ ကောင်းကင်ယံကို ၃ ကီလိုမီတာအထိ မြင့်တက်သွားခဲ့ပါတယ်။
အင်ဒိုနီးရှား ဘူမိဗေဒ သုတေသန အေဂျင်စီရဲ့ အဆိုအရ အင်္ဂါနေ့ ဒေသစံတော်ချိန် မနက်ပိုင်းမှာ မာရာပီမီးတောင် ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
မာရာပီမီးတောင်မှာ ပိတ်မိနေတဲ့ ပျောက်ဆုံးတောင်တက်သမား ၁၀ ဦးကို ရှာဖွေရာမှာ ပြာမှုန်တွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဟန့်အတားဖြစ်ရကြောင်း ဒေသဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အာဏာပိုင်တွေက ဒီဇင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်မီဒီယာအုပ်စု (CMG) ကတော့ မီးတောင်ပေါက်ကွဲပြီးနောက် အနည်းဆုံး လူ ၂၃ ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်းနဲ့ ရာသီဥတု ဆိုးရွားနေပေမဲ့လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းထုတ် ပါတယ်။
ဒေသခံတွေက ဦးဆောင်ပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို အဖွဲ့ ၁၀ ဖွဲ့ ခွဲထားကြောင်းနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို လွှဲပြောင်းသယ်ယူဖို့ အရှိန်မြှင့် လုပ်ဆောင်နေတာဖြစ်ပြီး ရာသီဥတုဆိုးရွားတဲ့ အခြေအနေအောက်မှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေကို ရှာဖွေသွားမယ်လို့ ဆိုပါတယ်။
Source/Photo-Reuters