Home
မြန်မာသတင်း
ကြွေးကျန် အဓမ္မပြန်တောင်းသဖြင့် ဧရာဝတီတိုင်းက လယ်သမားများ အခက်ကြုံ
DVB
·
December 6, 2023
Farmers Ayeyarwaddy_06122023

ဧရာဝတီတိုင်းမှာ တောင်သူတွေ  အန်အယ်လ်ဒီအစိုးရလက်ထက်က ထုတ်ချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အတင်းပြန်လည်တောင်းယူနေလို့ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ လယ်သမားတွေက  ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်တွေကို ဒီဇင်ဘာလ နောက်ဆုံးထား ပြန်လည်ပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ ပျက်ကွက်ရင် ဘဏ်တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ စိုက်ပျိုးရေးစရိတ် ချေးငွေကျန် တောင်သူလယ်သမားတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ် ပြောဆို တောင်းယူနေတာ ဖြစ်ပါတယ်။

ဒေသခံလယ်သမားတဦးက “စိုက်ဘဏ်ချေးငွေ အကြွေးကျန်တွေကို ပြန်ဆပ်ဖို့ ကျန်တဲ့သူအားလုံး အခုလနောက်ဆုံးထား ပြန်ဆပ်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးမှာ ပြောတာ။ ဒီနှစ်ပိုင်းတွေလောက် ငွေကျပ်တည်းတာ မရှိပါဘူး။ စပါးတွေက အထွက်လျော့ကျခဲ့တယ်၊ ဓာတ်မြေသြဇာတွေလည်း မသုံးစွဲနိုင်တော့ အထွက်မကောင်းခဲ့ဘူး။ ဒါကို အားချင်းပြန်ဆပ်ခိုင်းနေတော့ အဆင်မပြေဘူး။ လတ်တလောတော့ ဘယ်လိုမှ ပြန်မဆပ်နိုင်သေးပါဘူး။ အခုပြန်ဆပ်ခိုင်းတဲ့ စိုက်ဘဏ်ကြွေးကျန်တွေက NLD ပါတီ အစိုးရလက်ထက်က အကြွေးကျန်တွေပါ။ ကိုဗစ်ဖြစ်လို့ ဆိုင်းပေးခဲ့တာ။ အခု စစ်ကောင်စီဘက်ကတော့ သတ်မှတ်ရက် ပြန်မဆပ်ပေးရင် ဆွဲမယ်၊ ဖမ်းမယ်လို့ ပြောတယ်။ ဖမ်းလည်း အဖမ်းခံရဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေဟာ အခုနှစ် စပါးစတင်စိုက်ပျိုးချိန်က ဓာတ်မြေဩဇာဈေး တက်ခဲ့တာ၊ စက်သုံးဆီ၊ ဒီဇယ်နဲ့ ဓာတ်ဆီဈေး တက်တာ၊ စပါးအပင်ဖျက်ဆီးတဲ့ ရွှေခရုနဲ့ ဖျက်ပိုးကျခဲ့တာ စတဲ့ အခက်အခဲ အကျပ်တည်းတွေ ရင်ဆိုင်ခဲ့ရပြီး လက်ရှိ စပါးတွေ ပြန်လည်ရိတ်သိမ်းတဲ့အခါ သိသိသာသာ အထွက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။

ဝါးခယ်မမြို့နယ်နေ လယ်သမားတဦးက “အားလုံး အဆင်ပြေ‌အောင် သက်ညှာတဲ့အနေနဲ့ အမှန်တကယ် ခက်ခဲကျပ်တည်းနေတဲ့ တောင်သူတွေကို စနစ်တကျ သုံးသပ်စိစစ်ပြီး အရစ်ကျပြန်ပေးဆပ်တဲ့ စနစ်လေး လုပ်ပေးရင် အဆင်ပြေမယ် ထင်ပါတယ်။ ဥပမာ သိန်းသုံးဆယ်သမားကို တနှစ် ငါးသိန်း ပြန်တောင်းတာမျိုး၊ ဒါမှမဟုတ်ရင်လည်း အတိုးငွေကိုပဲ ပြန်ကောက်တာဆို အဆင်ပြေနိုင်တယ်။ ချေးငွေဆိုတဲ့စနစ်ကြီး မရှိရင်လည်း ကောင်းလိမ့်မယ်လို့ ထင်လာတယ်။ တော်တော်ကို ခက်ခက်နေလို့ပါ၊ စပါးစိုက်တိုင်းလည်း ရွှေခရုအန္တရာယ်က ကြုံနေရတယ်။ ဖမ်းလည်း ဘာတတ်နိုင်မလဲ” လို့ ပြောပါတယ်။

တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတဦးက “တောင်သူတွေက အခုအချိန် အခက်အခဲမျိုးစုံ ကြုံနေရတာ တမျိုးမျိုးတော့ ဆောင်ရွက်ပေးသင့်တယ်လို့ ယူဆတယ်။ ဒီလို အခက်အခက်တွေ ဘက်ပေါင်းစုံ ကြုံနေရတာကို အတင်း စိုက်ဘဏ်ချေးငွေတွေကို ပြန်တောင်းတာဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်လို့ ထင်တယ်။ ဧရာဝတီတိုင်းက တောင်သူတွေ စပါးတွေမထွက်တာ၊ စပါးတွေ မိုးမိတာ၊ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာတွေ ဈေးတက်လို့ ဧကပြည့်မီအောင် မစိုက်နိုင်တာ၊ ရှိတာလေးနဲ့ စပါးစိုက်လို့ပြီးတဲ့အခါ ရွှေခရုတွေကျပြီး ကိုက်ဖျက်နေတာတွေ တွေ့မြင် ကြားသိနေရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ တိုင်းတခုဖြစ်ပြီး စပါးစိုက်ပျိုးရေးလုပ်ငန်းကို အဓိက အများဆုံး စိုက်ပျိုးလုပ်ကိုင်ကာ အာဏာမသိမ်းခင်နှစ်တွေက မိုးစပါးဧက ၃ ဒသမ ၇ သန်းကျော်နဲ့ နွေစပါးဧက ၁ ဒသမ ၄ သန်းကျော်ကို နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024