ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဘာသာရေးပွဲတော်တွေကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ တရားဝင် ကျင်းပနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားရုံတွေ ဖွင့်လှစ်ပြီး ၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလက စတင်ကာ ဘာသာရေးပွဲ အကြောင်းပြ လောင်းကစားဝိုင်းတွေ တရားဝင် ဖွင့်လှစ်လာတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
လယ်ကုန်းရပ်ကွက်မှာ နေထိုင်သူ အမျိုးသားတဦးက “အာဏာသိမ်းပြီးနောက်ပိုင်း မြို့ထဲမှာ လောင်းကစားရုံတွေ တဖြည်းဖြည်း များများလာတယ်။ ကိုဗစ်နဲ့ အာဏာသိမ်းတာနဲ့ ဆိုတော့ ဘာသာရေးပွဲတွေ သိပ်မလုပ်တော့ဘူး။ ပြီးခဲ့တဲ့ သီတင်းကျွတ်ကမှ စပြီး ဘာသာရေးပွဲတွေ အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင်ကို လုပ်လာကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်မီးထွန်းပွဲကို လယ်ကုန်းရပ်ကွက် မြင့်ငြိမ်းအေးကျောင်းတိုက် အတွင်းက ဘုရားပွဲကိုလည်းကောင်း၊ တန်ဆောင်တိုင်ပွဲတော်မှာ မြို့သစ်ကြီးရပ်ကွက် ဘုရားတထောင်ပွဲကိုလည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ရမ်ပူရပ်ကွက်က ပြည့်ဝချမ်းသာ ကျောင်းတိုက်အတွင်းက ဘုရားပွဲကိုလည်းကောင်း လက်ဝှေ့ပွဲ ဇာတ်သဘင်ပွဲတွေ ပြုလုပ်ပြီး လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် ကျင်းပနေကြတာပါ။
လယ်ကုန်းရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတဦးက“ဘုန်းတော်ကြီးကျောင်းဝိုင်းထဲမှာ တည်ထားတဲ့ ဘုရားပွဲဆိုပြီး ဇာတ်ပွဲတွေထည့် လက်ဝှေ့ပွဲတွေထည့်ပြီး လောင်းကစားဝိုင်းတွေ အကြီးအကျယ်ကို ကျင်းပနေတာ။ ပွဲတွေက အဖြစ်ပဲထည့်တာ။ ကြည့်တဲ့သူ နည်းနည်းပဲရှိတယ်။ အဓိကက လောင်းကစားဝိုင်း ထည့်ချင်တာ” လို့ ပြောပါတယ်။
ဘာသာရေးပွဲအကြောင်းပြ လောင်းကစားဝိုင်းတွေမှာ လေးကောင်ဂျင်၊ ရှမ်းကိုးမီး၊ ဂလုန်းဂလုန်း၊ ရွှေဘောလုံး၊ ငါးမန်းဂိမ်း၊ မြားပစ်ဂိမ်းတွေကို ကျင်းပနေကြတာပါ။
ရမ်ပူရပ်ကွက်ဒေသခံ အမျိုးသားတဦးက “အခု ဘုရားပွဲကျင်းပနေတဲ့ ပြည့်ဝချမ်းသာ ဘုရားပွဲဆို လောင်းကစားခုံ အလုံး ၄၀ ကျော်လောက်ပါတယ်။ ကစားဝိုင်းတွေက အစုံပါတယ်။ ဂလုန်း ဂလုန်း ဝိုင်းတွေက အများဆုံးပဲ။ တန်ဆောင်တိုင် ဘုရားတထောင်ပွဲတုန်းကတော့ စစ်တပ်က လုံခြုံရေးယူတာ တွေ့ရတယ်။ ပြည့်ဝချမ်းသာ ဘုရားပွဲမှာတော့ လုံခြုံရေးယူထားတာ မတွေ့ရဘူး။ ကစားဝိုင်းတွေကိုလည်း ဓာတ်ပုံ ဗွီဒီယို မရိုက်ဖို့ ဒိုင်တွေက တားထားတယ်” လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ မြစ်ကြီးနားမြို့ပေါ်မှာတော့ ဘာသာရေးပွဲ အကြောင်းပြ လောင်းကစားဝိုင်းတွေ တရားဝင် ပေါ်ပေါ်ထင်ထင် ကျင်းပနေကြပါတယ်။