ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အောင်မြေ ၁ ကျေးရွာက ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူး ပြည်သူ့စစ်တပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာဒေသခံတဦးက “အောင်မြေ ၁ က ရွှေမင်း ပြည်သူ့စစ်စခန်းကို KIA က လာတိုက်တာ။ မနက်အစောကြီး ၄ နာရီလောက် ပစ်ခတ်သံတွေ ကြားနေရတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တာကတော့ နာရီဝက်လောက်ပဲ ကြာတယ်။ ပစ်ခတ်ပြီး KIA က မိုးမလင်းခင် ပြန်ဆုတ်သွားတယ်။ ပြည်သူ့စစ်ဘက်ကတော့ ထိခိုက်ဒဏ်ရာ သေဆုံးမှု ရှိနိုင်တယ်။ ရွာထဲက ဆေးဆရာမတွေကို ပြည့်သူ့စစ်စခန်းမှာ ဆေးကုဖို့ လိုက်ခေါ်တာ တွေ့ရတယ်။ ထိခိုက်သေဆုံးမှုတော့ သေချာမသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေစဉ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ သားအဖနှစ်ယောက် ထိခိုက်ဒဏ်ရာရပြီး တယောက် သေဆုံးခဲ့ပါတယ်။
ဒေသခံ အမျိုးသားတဦးက“ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်ကြီးလဲ ဆိုတာတော့ မသိဘူး။ အောင်မြေ ၁ အမှတ် ၁ ရပ်ကွက်က သားအဖနှစ်ဦး လက်နက်ကြီးကျည် မှန်တယ်။ အဖေဖြစ်တဲ့သူကတော့ ပွဲချင်းပြီးသေတယ်။ သားဖြစ်တဲ့သူကတော့ ဦးခေါင်းပိုင်းမှာ ထိခိုက်ဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်။
အောင်မြေ ၁ ကျေးရွာ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးလာဆာယူဟာ လက်နက်ကြီးကျည်ကြောင့် ခန္ဓာကိုယ်တခြမ်းပျက်စီး သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် သားဖြစ်သူကတော့ ဦးခေါင်းပိုင်းမှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်တဲ့ လီဆူတိုင်းရင်းသားနေအိမ်တွေက တအိမ်တယောက်နှုန်း ပြည်သူ့စစ်တပ်ဖွဲ့အတွင်း ဝင်ရောက် စစ်မှုထမ်းဖို့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီး တပ်သားသစ် စုဆောင်းနေပါတယ်။